နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Wednesday, February 18, 2009

၂၀၀၉ နှစ်သစ်လက်ဆောင်

အလင်းတန်း (၉)

ဒီစာကို (၃၅) နှစ်အောက် လူငယ်များအတွက် ရည်ရွယ်ပြီး ရေးပါတယ်။ ဒါကိုဘာလို့ ကြိုပြီးပြောရလဲဆိုတော့ စကားလုံးထဲမှာ နည်းနည်းတင်းမာတာပါရင် လူကြီးတွေက နှာခေါင်းရှုံ့နိုင်လို့ပဲ။ ငါ့အသက် (၄၀) ကျော်ပြီ။ ငါ နဲ့ ရွယ်တူတန်းတူများက သမိုင်းတခုထဲ အတူတူ ဖြတ်သန်းခဲ့ကြသူတွေ၊ ပြီးတော့ ငါ့ထက်လည်း ပိုအလုပ်လုပ် ကြမယ်။ ငါ့ထက်လည်း ပိုပြီး ပညာတတ်ကြပေမယ်လို့ ယူဆပြီး သူတို့အတွက် ပြောဖို့မရှိဘူး။ ငါ့ထက် အသက် (၁၀) နှစ် (၉) နှစ် အနှစ် (၂၀) ငယ်သူများကတော့ ငါ့ထက်ပိုပြီး ထက်မြက်ကြပေလိမ့်မယ်။ ငါ့ထက်လည်း ပိုပ ညာတတ်ကြပေလိမ့်မယ်။ သို့သော်လည်း ဖြတ်သန်းခဲ့တဲ့ ဘ၀ကာလကလေး နည်းနည်းကွဲသမို့ မေ့လျော့ပြီး မစဉ်းစားမိတာများ ရှိကောင်းရဲ့လို့ ယူဆပြီး သူတို့အတွက် ရည်ရွယ်ပြီးရေးပါတယ်။ ငါ့ထက်ကြီးသူများက တော့ ပညာ၊ သဘာ၊ အတွေ့အကြုံ၊ ရင်းနှီးပေးဆပ်ရမှု ကြီးပြီးသားတွေမို့ အထူးတင်ပြဖွယ်မရှိပြီလို့ ခိုင်ခိုင်မာ မာ ယူဆပါတယ်။ (အထူးသဖြင့် ၄၅ နှစ် အထက် လူကြီးတွေ ဖတ်စရာမလိုပါ။)

တော်လှန်ရေး

ဟောင်းနွမ်းဆွေးမြေ့ အလုပ်မဖြစ်တော့တဲ့၊ မကောင်းတော့တဲ့၊ ခေတ်ကာလနဲ့ အံမ၀င်တော့တဲ့ အခြေအနေ ကို ပြုပြင်ပြောင်းလဲပစ်ခြင်းဟာ တော်လှန်ရေးပဲ။ အလွယ်ဥပမာတင်ရရင် ကျွဲ၊ နွားနဲ့ ထွန်ယက်နေရာကနေ လယ်သမားတိုင်း ထွန်စက်နဲ့ အလုပ်လုပ်ကြရင် အဲဒါ လယ်ယာတော်လှန်ရေး၊ စက်မှုတော်လှန်ရေးဖြစ်တယ်။ လယ်ယာတော်လှန်ရေးကြောင့် ဘာအကျိုးကျေးဇူးတွေရလဲ။ လူတွေ အထူးသဖြင့် လယ်သမားလူတန်းစား တွေ ပိုပြီးသက်သာလာမယ်၊ အလုပ်တွေ မြန်ဆန်သွက်လက်လာမယ်၊ စားနပ်ရိက္ခာပိုပြီးထုတ်လုပ်လာနိုင်မယ်။ တော်လှန်ရေးတခု အောင်မြင်တိုင်း အောင်မြင်တိုင်းမှာ တိုးတက်တဲ့ ရလဒ်တွေကိုရမှ အဲဒီတော်လှန်ရေးဟာ မှန်ကန်တဲ့ တော်လှန်ရေးဖြစ်တယ်။

ခေတ်ပြောင်းတော်လှန်ရေး

ခေတ်တခု စနစ်တခု ဆိုးဝါးပျက်သုဉ်းနေပြီလို့ လူထုကယူဆတဲ့အခါ ပြောင်းလဲပြီး အသစ်ကိုအစားထိုးဖို့ တော် လှန်ရေးဆင်နွှဲကြတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကတဆင့် စည်းမျဉ်းခံဘုရင်စနစ်၊ လူထုပါလီမန်ခေတ် ဒီလို ပြောင်းလဲခဲ့ကြတယ်။ ငါတို့ဗမာပြည်လည်း အဲဒီအပြောင်းအလဲ ရေစီးထဲမှာ မလွန်ဆန်နိုင်ခဲ့ပါဘူး။ သက်ဦးဆံ ပိုင်ဘုရင်စနစ်ကိုတော့ ငါတို့လူထုကိုယ်တိုင် တော်လှန်ခဲ့ရတာမဟုတ်ဘူး။ အင်္ဂလိပ်က လာသိမ်းပိုက်ထားရင်း အလိုလို ပျက်ပြယ်သွားတာ။ နယ်ချဲ့စနစ်ကိုတော်လှန်ခဲ့ရတယ်။ အသီးအပွင့်က လွတ်လပ်ရေးပေါ့။ ဒီလိုလွတ် လပ်ရေးရဖို့ မင်းတို့ငါတို့ အဘိုးအဖေ တော်လှန်ရေးသမားများ တော်လှန်တိုက်ပွဲဝင်ခဲ့ကြရတယ်။ အသက်များ စွာ စတေးခဲ့ကြတယ်။

ဒါပေမယ့် မင်းတို့ငါတို့ခေတ် ရောက်တဲ့အထိ လွတ်လပ်ရေးရဲ့ အရသာကို ငါတို့မခံစားရသေးဘူး။ ဘယ်မလဲ လွတ်လပ်ရေး၊ လွတ်လပ်ခွင့်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ လူမှုအဆင့်အတန်း၊ လွတ်လပ်ရေးကို အရယူခဲ့ကြ တဲ့ အာဇာနည် အထောင်အသောင်းရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ဗမာ့လွတ်လပ်ရေးကို အာဏာငမ်းငမ်းတက် လူတ စုက သိမ်းပိုက်ထားတယ်။ အဲဒီတော့ လိုအပ်တဲ့ လွတ်လပ်ခွင့်ကိုရရှိဖို့ မင်းတို့ငါတို့ရဲ့ ဦးကြီးဦးလေး၊ အဖေတို့ တသက် တိုက်ပွဲဝင်ကြပြန်ရော။ အသက် ၆၀-၇၀ တန်း လူကြီးတွေဟာ ဒီတာဝန်ကိုယူပြီး တော်လှန်ခဲ့ကြတာ တော်လှန်ရေးမအောင်မြင်သေးတော့ အသက် ၄၀-၅၀ အရွယ် ငါတို့ပခုံးပေါ် တော်လှန်ရေးတာဝန်တွေက ရောက်လာပြန်ရော။

တကယ်လို့သာ ငါတို့ခေတ်မှာ မကောင်းတဲ့ခေတ်၊ မလွတ်လပ်တဲ့ခေတ်၊ လူချင်းတူမျှခွင့်မရှိတဲ့ စနစ်ဆိုးကို အောင်မြင်အောင် မပြောင်းနိုင်ဘူးဆိုရင် တို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ လူငယ်တွေရဲ့ ပခုံးပေါ်ကို ခေတ်ပြောင်းတော်လှန်ရေးတာဝန်တွေ လွှဲပြောင်းပေးရပြန်ဦးမယ်။ အဲဒါကို စဉ်းစားမိတဲ့အခါ အပြစ်မဲ့ ကလေး သူငယ်တွေရဲ့ မျက်နှာကိုမြင်ယောင်ပြီး အတော်ကို စိတ်မကောင်းစရာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အ တော်စိတ်ပျက်စရာ ဖြစ်ဖြစ်လာတယ်။

ငါက ငါ့ထက် အသက် ၂၀-၃၀ ကြီးတဲ့ လူတွေကို ခင်ဗျားတို့ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်လို့ ကျုပ်တို့ ခေတ်အထိ ခေတ်ဆွေး ခေတ်ပျက်၊ မကောင်းတဲ့ မလွတ်လပ်တဲ့ခေတ်ကြီး အမွေကျန်နေရတယ်လို့ ပြောသလို (ဒီလိုပြောတော့ ခေတ်နှစ်ခေတ် သုံးခေတ်တိုင်အောင် ဘ၀တွေအသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြတဲ့ ဘိုးတော်၊ နောင်တော် တော်လှန်ရေးသမားတွေကို စော်ကားမော်ကား ပြောရာရောက်နေပေမယ့် ဖြစ်စဉ်တရားအရ ဒီလို ပဲ ပြောရမှာဖြစ်တယ်။ တော်လှန်ရေးတာဝန်ကျေတယ်၊ ဒါပေမယ့် ခေတ်ကောင်းရောက်အောင် မကြံနိုင် မစွမ်း နိုင်ဘူး။) ငါတို့ခေတ်မှာ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်ဘူးဆိုရင် ငါတို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ ကလေးတွေကလည်း ငါတို့ကို မပြောပေဘူးလား။ မင်းတို့ခေတ်ကြရင်လည်း နိုင်အောင်မကြံနိုင်လို့ကတော့ အ ငယ်တွေကလည်း အဲဒီလိုမပြောဘဲ နေမတဲ့လား။

ဒီတော့ သမိုင်းပေးတာဝန်အရ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်းတော်လှန်ရေး လုပ်တဲ့နေရာမှာ တထောင့်တနေရာကနေ အနှစ်သာရရှိရှိ ငါတို့ပါဝင်သင့်တယ်။ မလွဲမသွေ ပါဝင်လုပ်ဆောင်ရမယ့် ၀တ္တရားတ ရပ်လည်းဖြစ်တယ်။ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်းတော်လှန်ရေးကို လုပ်ကိုလုပ်ရမယ်လို့ အ ရိုးထဲ အကြောထဲကကို စိမ့်နေအောင် နှလုံးသွင်းရမယ်။ ခေတ်ကောင်း စနစ်ကောင်းကို ရောက်နေရင်တောင်မှ မကောင်းတဲ့ စနစ်ဆိုး ၀င်မလားရေး အခြေမချနိုင်ရေးအတွက် ကောင်းတဲ့ခေတ်ကို ကာကွယ်ပြီး ကောင်းသ ထက်ကောင်းအောင် ပြုပြင်မွမ်းမံရမယ်ဆိုတာကို ဂါထာရွတ်သလို နှလုံးသွင်းထားရမှာဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေးကို မစားကောင်းတဲ့အသီးလို ရှောင်ဖယ်ဖယ် လုပ်နေသူများအနေနဲ့ ပိုပြီးနှလုံးသွင်းကြရမှာဖြစ် တယ်။

တော်လှန်ရေးသမား

ခေတ်ဆွေးခေတ်ဟောင်း မကောင်းတဲ့စနစ်ဆိုးကိုပြောင်းလဲဖို့ ကြိုးစားနေသူတိုင်းဟာ တော်လှန်ရေးသမား တွေ ဖြစ်တယ်။ အမျိုးမျိုးအစားစား ကွဲပြားနေကြတယ်။ နယ်ပယ်အသီးသီးကနေ ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်သန်ရာသန်ရာ ကဏ္ဍကနေ ကြိုးစားနေကြတယ်။ တော်လှန်ရေးသမားတိုင်းရဲ့ ဆုံမှတ်ဦးတည်ရာက တော့ လူသားဆန်ဆန် လွတ်လပ်ခွင့်ရရှိရေးပဲ။ ဘယ်လိုပဲ ကဏ္ဍတွေကွဲကွဲ၊ ကိုင်စွဲတဲ့မူအားဖြင့် (၂) မျိုးပဲရှိ တယ်။ အဲဒီ (၂) မျိုးက လက်နက်မကိုင်သော တော်လှန်ရေးသမားများနဲ့ လက်နက်ကိုင်သော တော်လှန်ရေး သမားများပဲဖြစ်တယ်။ အဲဒီ (၂) မျိုးထဲက ဘယ်ပုံစံမှာပဲလုပ်လုပ် ရန်သူထိတ်လန့်လေးစားအောင် လုပ်နိုင်ခြင်း ဟာ တော်လှန်ရေးသမားတို့အတွက် အောင်မြင်မှုပဲ။ ရန်သူက ထိတ်လန့်ပြီး လူထုရဲ့ချစ်ခင်မှုကိုရမှ တော်လှန် ရေးသမားကောင်းတွေဖြစ်မှာ အမှန်ပဲ။

တော်လှန်ရေးသမားများထဲမှာ (၂) မျိုးကွဲပြန်တယ်။ တော်လှန်ရေးလုပ်နေသူနဲ့ နိုင်အောင်လုပ်တဲ့လူ ဒီလို နှစ်မျိုးနှစ်စားခွဲပြီး သိရမယ်။ ဆရာတယောက်ကတော့ သုံးမျိုးသုံးစားလို့ဆိုတယ်။ နောက်ထပ်တမျိုးက တော် လှန်ရေးလုပ်စားသူလို့ဆိုတယ်။ ငါကတော့ အဲဒီတစားကို သိလည်းမသိဘူး။ တော်လှန်ရေးသမား စာရင်းထဲ လည်း မထည့်ဘူး။ သိအောင်လည်း မကြိုးစားဘူး။ မင်းတို့လည်း အဲဒီတစားကို သိအောင်လည်း မကြိုးစားနဲ့ စာရင်းထဲလည်း မထည့်နဲ့။

စောစောကပြောတဲ့ တော်လှန်ရေးသမား (၂) မျိုးကို ပြန်ကောက်မယ်။ တော်လှန်ရေးလုပ်နေသူဆိုတာက ကိုယ် လုပ်နေတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင် ဂဃနဏ သဘောမပေါက်သူသော်လည်းကောင်း၊ ၀ါဒလက်ကိုင် မရှိသူ သော်လည်းကောင်း၊ အများနောက် ရေစီးရာမျောပါနေသူသော်လည်းကောင်းဖြစ်တယ်။ သူက များများ မတွေးဘူး။ ရှေ့မသွားဘူး။ တာဝန်ကျေသဘောလောက်ပဲ လုပ်နေတဲ့လူကို ဆိုလိုတယ်။ ၀တ်ကျေတန်းကျေ တော်လှန်ရေးသမားလို့ ဆိုရမှာပေါ့။ ဒါပေမယ့် တနေ့မှာ သူ့ရဲ့ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ပြင်းထန်ခဲ့ရင် သူ့ရဲ့ အတွေးအကြံတွေ ရှင်သန်ထမြောက်လာခဲ့ရင်တော့ တော်လှန်ရေးကို စိတ်ထဲကတောင် နည်းနည်းမှ မ တွေးထား မလုပ်ထားတဲ့ သူထက်စာရင် တော်လှန်ရေးသမားကောင်းတယောက် ဖြစ်လာမှာအသေအချာပေါ့။

နောက်တမျိုးတစားက တော်လှန်ရေးကို နိုင်အောင်လုပ်တဲ့သူ။ သူကတော့ မင်းတို့ထင်သာမြင်သာရှိပါတယ်။ မင်းတို့ရဲ့ အကြည့်တချက် ၀င့်လိုက်ရုံ၊ မင်းတို့ရဲ့နား တချက်စွင့်လိုက်ရုံ၊ မင်းတို့ရဲ့ စိတ်အတွေးတချက် ဖွင့် လိုက်ရုံနဲ့တင် အဲဒီတော်လှန်ရေးသမားကောင်းတွေကို ထင်သာမြင်သာ ရှိလာမှာပဲ။ အဲဒီတော်လှန်ရေးသမား တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို မလွဲမသွေ တွေ့မြင်ကြားသိနေကြရမှာပဲ။ တော်လှန်ရေးကို နိုင်အောင်လုပ် တဲ့ သူရဲ့ စိတ်အကြံ စိတ်အတွေးတွေ အားလုံးနီးပါးဟာ တော်လှန်ရေးအကျိုးစီးပွားကိုပဲ ရှေ့ရှုတယ်။ တိုက် ကွက်ဗျူဟာအသစ်တွေ ခင်ကျင်းတယ်။ တိုက်ပွဲရဲ့ရှေ့ကဦးဆောင်သွားတဲ့ တော်လှန်ရေးတပ်မှူးကောင်းများ အဖြစ်နဲ့ တွေ့နိုင်သလို တိုက်ပွဲဝင်ရာမှာ ဦးလည်မသုန် နောက်မရွံ့စတမ်း တာဝန်ထမ်းနေတဲ့ တော်လှန်ရေး တပ်သားကောင်းတွေအဖြစ်လည်း တွေ့နေကြရမှာဖြစ်တယ်။ အဲဒီတိုက်ပွဲတွေဆီက ဘယ်လိုရလဒ်မျိုးကိုဖြစ် ဖြစ်မတုန်လှုပ်စတမ်း ခံယူဖို့အသင့်ရှိနေတယ်။ မင်းတို့ငါတို့အတွက် နမူနာကောင်းတွေလည်းဖြစ်တယ်။ တော် လှန်ရေးသမားတွေဟာ ခေတ်စနစ်ကောင်းမွန်ဖို့အတွက် သူတို့ရဲ့ ဘ၀ကို စတေးခံပြီး ကြိုးစားနေကြတယ်ဆို တာကို နားလည်ထားရမယ်။

တော်လှန်ရေးသမားရဲ့ စိတ်အခြေခံ

တရားသဘင်တခုမှာ ဗုဒ္ဓက သူ့ရဲ့ပရိသတ်ကို အမေးတခုထုတ်ခဲ့ဖူးတယ်။ သီလကို ဘာကြောင့် စောင့်ထိန်းကြ လဲလို့ အမေးရှိပါတယ်။ အများစုက ကုသိုလ်ရဖို့ (ကောင်းမှုအကျိုးရဖို့)လို့ ဖြေပါတယ်။ အဲဒီအခါ ဗုဒ္ဓက ဟုတ် တယ် မှန်ပါတယ်၊ ဒါပေမယ်လို့ ပညာရှိသူတော်ကောင်းများရဲ့ သီလစောင့်ထိန်းပုံက ဒီလိုရှိတယ်လို့ဆိုပြီး သီ လစောင့်ထိန်းနည်းကို သင်ကြားပေးခဲ့တယ်။ မကောင်းမှုလုပ်ရမှာကို ရှက်ခြင်း၊ ကိုယ်ချင်းစာစိတ်ထားခြင်းတို့ ကို အခြေခံပြီး သူတော်ကောင်း ပညာရှိတွေက မကောင်းမှုကို မကျူးလွန်ဘဲ ထိန်းသိမ်းအပ်တဲ့ သီလကို စောင့် ထိန်းတယ်လို့ သင်ကြားပေးခဲ့တယ်။ တော်လှန်ရေးသမားရဲ့ စိတ်အခြေခံဟာလည်း ဒီအချက်ဘဲဖြစ်တယ်။ မ ကောင်းမှုကို မနှစ်သက်ခြင်းနဲ့ မကောင်းမှုဒဏ် ခံနေရသော ပြည်သူလူထုအပေါ် ကိုယ်ချင်းစာစိတ်ထားခြင်း စိတ်အခြေခံပေါ်မှာ မူတည်ပြီး မိမိကိုယ်မိမိ တော်လှန်ရေးသမားအဖြစ်ခံယူကာ ခေတ်ပြောင်းတော်လှန်ရေး လုပ်နေကြတာဖြစ်တယ်။

တော်လှန်ရေးသမားအဖြစ် ခံယူခြင်း

မင်းတို့ရောက်ရှိနေတဲ့ ကာလရဲ့ မင်းတို့ရဲ့ အမိမြေဟာ မတော်မတည့်ဖြစ်နေရင် တည့်မတ်အောင်လုပ်ဖို့ရာ မင်းတို့ရဲ့ လက်ရှိတာဝန်ဖြစ်နေတယ်။ တည်ဆဲကာလမှာ မတရားမှု ကြီးစိုးနေတယ်ဆိုရင် တရားမျှတမှုရှိ အောင် ထူထောင်ဖို့ မင်းတို့ငါတို့မှာ တာဝန်အပြည့်ရှိနေတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်နေသူများနဲ့ မတ ရားမှုကို တွန်းလှန်ဖို့ တော်လှန်ရေးလုပ်နေသူများကြားမှာ မင်းတို့အနေနဲ့ ဘက်တဘက်ဘက်ကို ရွေးချယ်ရမှာ အမှန်ပဲဖြစ်တယ်။ ဘက်မလိုက်ဘဲ ကြားနေခြင်းဟာ မကောင်းမှုဘက်ကို လိုက်လိုက်တာနဲ့ အတူတူပဲဆိုတာ နည်းနည်းကလေး တွေးကြည့်လိုက်တာနဲ့တင် သိနိုင်တယ်။ ခေတ်ကာအခြေအနေအရ ငါ့ ညီများ ညီမများအ နေနဲ့ ရွေးချယ်စရာ လမ်း (၃) သွယ်ပေါ်လာတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်တခုလုံးကို အာ ဏာနဲ့ စိုးမိုးဗိုလ်ကျသူများနဲ့ ပေါင်းမလား၊ မတရားမှုကို တွန်းလှန်ပြီး ခေတ်ကာလကောင်းအောင် ပြုပြင်မယ့် တော်လှန်ရေးသမားလုပ်မလား၊ ဘယ်ဘက်မှ မလိုက်ဘူးဆိုပြီး ဖိနှိပ်မှုများကိုခံပြီး ဖိနှိပ်သူများကိ အသံတိတ် ထောက်ခံနေမလားဆိုတဲ့ လမ်း (၃) သွယ်ပဲ။ ခေတ်ပြောင်းတော်လှန်ရေးအလုပ်ဆိုတာ မကောင်းတာကို ကောင်းအောင်ပြုပြင်တဲ့ အလုပ်ဖြစ်တယ်လို့ အထက်မှာ အထပ်ထပ်ပြောခဲ့ပြီးတာမို့ ငါ့ညီများ ညီမများကို ဗိုလ် အောင်ဒင်ဇာတ်ကားထဲက ဂန္ထ၀င်စကားတခွန်းတော့ ပြောလိုက်ချင်ပါတယ်။

“ဒီမယ် မမြ၀င်း၊ လှေနံနှစ်ဖက်နင်းမယ့်အတူတူ၊ ဟောဒီ ဗိုလ်အောင်ဒင် တဘက်ထဲကိုသာ ရဲရဲကြီး နင်းချ လိုက်စမ်းပါ” တဲ့။ ကဲ … ဒီလိုပဲ ငါ့ညီများ ညီမများအနေနဲ့ တော်လှန်ရေးဘက် တဘက်ထဲကိုသာ ရဲရဲပါဝင်ပါလို့ ပြောချင်ပါတယ်။

ဒီစာရဲ့ ခေါင်းစဉ်

ဖတ်ခဲ့ပြီးသမျှကို ပြန်စဉ်းစားပါ။ အနှစ်ချုပ်က မကောင်းတဲ့ခေတ် အခြေအနေကို ကောင်းအောင်ပြုပြင်သော အလုပ်သည် ဘုရားအစရှိသော သူတော်ကောင်းများ နှစ်ခြိုက်သော အလုပ်ဖြစ်သည်လို့ တွေ့ရမှာဖြစ်တယ်။ လူ့ဘ၀ကို ကံသုံးပါးဖြစ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ မောင်းနှင်တယ်လို့ သဗ္ဗညုဗုဒ္ဓ ဟောကြားခဲ့တယ်။ တော် လှန်ရေးသမားအဖြစ် ခံယူရာမှာလည်း ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ ညီညွတ်နေရမှာဖြစ်တယ်။ စိတ်နှလုံးထဲက တော့ မတရားမှုကို နှစ်ခြိုက်မှုမရှိဘူး။ တရားတာကိုသာ ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် မနောကံ (စိတ်) အား ဖြင့် တော်လှန်ရေးသမားဘ၀ ရောက်ပါပြီ။ ကာယကံမြောက် ကိုယ်တိုင်လုပ်ဖို့နဲ့ ၀စီကံမြောက် ထုတ်ဖော်ပြော ဆိုဖို့သာ လိုနေသေးတာမဟုတ်လား။ ဒီစာရဲ့ခေါင်းစဉ်က အသံထွက် ရွတ်ဖတ်ရမှာဖြစ်တဲ့အတွက် ကိုယ့်လိပ် ပြာကို ကိုယ်ပြန်မေးပါ။ ငါ တကယ်ပဲ မတရားမှုကို မနှစ်ခြိုက်တာလား၊ မတရားမှုကို တကယ်တော်လှန်ချင်တာ လား၊ တိကျခိုင်မာတဲ့ အဖြေတခုခု ရပြီဆိုရင်တော့ ခပ်တိုးတိုးလေးဖြစ်ဖြစ် (ကိုယ့်လိပ်ပြာ ကြားရုံလေးဖြစ်ဖြစ်) စာရဲ့ခေါင်းစဉ်ကို အသံထွက် ရွတ်ကြည့်လိုက်ပါ။

ငါ … တော်လှန်ရေးသမား

ခေတ်ပြောင်းတော်လှန်ရေးဘက် မလိုက်သူသည် မကောင်းသော စနစ်ဆိုးကို ဖက်တွယ်နေလိုသူသာလျှင်ဖြစ်သည်။

(ငါတို့ဘက်လိုက်ကြရမည်)

အလင်းတန်း (၉)

Read More...

Saturday, December 27, 2008

ကမ်းတတ်တိုက်ပွဲ

ညိုထက်(လမ်းသစ်ဦး)
လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)

Read More...

Friday, December 26, 2008

ဒီဇင်ဘာ(၂၀)ရက်တမ်းချင်း(သို့မဟုတ် )ရဲဘော်ရဲ့ကဗျာ

တင်းတင်း ကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းကနဲကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်။
ငါအံကြိတ်ပြီး
လက်သီးကိုတင်းတင်း ဆုပ်မိတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကိုတွေ့ရမယ်။
ဘယ်သူတွေငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ရဲဘော်ရဲ့သွေးတွေအကြောင်း။
သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖေါ်ကျူးဖို့ငြင်း ဆန်ကြတယ်။

ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အ မုန်းကို
ရဲဘော်ကစိမ်းကားတဲ့အပြုံနဲ့
ပြုံမှာပဲယုံတယ်။
စပါတာကပ်(စ် )ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထ ရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာနီရဲ ၀င်းလက်ခဲ့တယ် ။
ပြည်သူချစ်တဲ့
အာဇာနည်အ နှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာတို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဘူးတယ်။
ဗိုလ်အောင်ကျော်ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကိုအကြိမ်ကြိမ်ဂုဏ်ပြုခဲ့ဘူးတယ်။
ရဲဘော်ရဲ့အခန်ဆက်တိုက်ပွဲ
ရဲဘော်ရဲ့တရားတဲ့တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့စီးခဲ့တဲ့
နီရဲတဲ့သွေးစက်တွေပေါ်မှာ
ငါ့ရဲ့ ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိ မဲ့တဲ့ရှိုက်သံနဲ့
ဂုဏ်ခန်းခန်းကို
ညစ်နွ မ်းအောင်ငါမလုပ်ဘူး ။
ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ ကဗျာတပုဒ်
ရဲေ ဘ်ာရဲ့ဂုဏ်ပုဒ်ကို ဖေါ် ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။
လက်ခံပါ ရဲဘော်
အော်ဟစ်ပြီးငါပန်ကြားတယ်။
ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။
ဖတ်ကြည့်စမ်းလေ
စီး ဆင်းခဲ့တဲ့သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ပူနွေးတဲ့သွေး
မခမ်းခြောက်သေးတဲ့သွေးတွေ
အို-------- ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။

မောင်လေးအောင်(ကွယ် လွန်)


အောင်စောဦး(မှိုင်းရာပြည့်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ရေးသားသည့်`ကျောင်းသားလှုပ်ရှားမှု သမိုင်းအကျဉ်း´ စာအုပ်မှ

Read More...

Monday, September 1, 2008

လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်တစင်း

ရွာအ၀င်တွင်တော့ ကျနော့်ခြေလှမ်းများ နှေးသွားသည်။ နောက်ကပါလာသည့် မွန်ပြည်သစ်ပါတီ ရဲဘော်လေးက `ဆေးမှူး အရှေ့ကလူတွေနဲ့ ပြတ်သွားဦးမယ်..´ သတိပေးမှ ကျနော် ခပ်သုတ်သုတ် လှမ်းမိ သည်။ ရာဘာတောမှအထွက် သူမတို့ အိမ်ရှိရာလမ်းမှ ပွိုင့် မဖြတ်ဘို့ ဆုတောင်းသော်လည်း ပွိုင့်သွားသည့် ရဲဘော်က ချိုးဝင်သွားခဲ့ပြီ။ အင်းလေ… ဒီလမ်းက ရွာလယ်ရောက်ဘို့ အနီးဆုံးလမ်းမဟုတ်လား။

သူမတို့အိမ်နားရောက်တော့ ထွက်လာသည့် လူရိပ်တခုကို တွေ့လိုက်ရသည်။ သူမ…၊ ကျနော် အကြိမ်ကြိမ် ဆုတောင်းသော်လည်း မပြည့်ခဲ့ပါလား။ စစ်ကြောင်းအရှေ့ အနောက်ကို ရှာကြည့် နေပုံရသည်။ ပြီးတော့ ကျနော်ကိုတွေ့တော့ ၀မ်းသာအားရ အပြေးကလေး ကျနော့်နားသို့ ရောက်လာခဲ့သည်။ ပြီးတော့…`ဆေးမှူး၊ သူရောဟင်.. သူဘာမှ မဖြစ်ဘူးမဟုတ်လား။ ´ `ဘုရားရေ.. သူမသိသေး ပါလား။ ´ ကျနော့် စိတ်ထဲမှ တွေးမိသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည့် ကျနော်က သူ ကျဆုံးသွားသည့်အကြောင်းကို ပြောပြရသူဖြစ်ရဦးမည်။

ကျနော်လည်း စိတ်မသက်မသာနှင့် ကျဆုံးသွားသည့် အကြောင်းကို ခပ်တိုတိုရှင်းပြလိုက်သည်။ နားထောင်နေသော သူမကို တည့်တည့်မကြည့်ရဲ။ သူမယုံရော ယုံပါ့မလား။ ရည်းစားသက်တမ်းကို စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် ၃ ရက်သာကြာသေးသည်။ အဖြေရပြီးသည်နှင့် တခြားရွာသို့ စစ်ကြောင်း ထွက်ရသည်။ ပြန်လာတော့ သူမပါလာ။ ကျနော် ပြောနေရင်း ရှိုက်သံကြားလို့ငဲ့ကြည့်တော့ ကလေးမ ငိုနေရှာပြီ။ ငိုပါ … ညီမလေးရေ။ ငိုပါ။ ငါတို့လည်း ရင်ထဲမှာ ငိုနေကြရတာဘဲ။ အဖိုးထိုက်တဲ့ လူသားတွေ သေဆုံးမှုအတွက် ငါတို့ ရဲ့ မျက်ရည်တွေက ဂုဏ်ပြုမှုပါဘဲ။

၁။

သူဆိုသည်က မင်းလူ။ ရန်ကုန်သား ။ ဖခင်ဖြစ်သူက အစိုးရ ကြေးနန်းတပ်က။ ၈၈၈၈ ဖြစ်ပြီး အစောဆုံး တောခိုသည့် ကျောင်းသားပြည်သူများထဲတွင် မင်းလူလည်း ပါသည်။ ကျနော် ရောက်တော့ သူက လုံးလုံး ပြောက်ကျားစစ်သားကြီး ဖြစ်နေပြီ။ တပ်ရင်းရှိ အငယ်ဆုံးသူများထဲတွင် သူပါသည်။ အလုပ် လုပ်ရာတွင်လည်း တက်တက်ကြွကြွရှိသည်။ ကျနော်တခု မကြိုက်သည်က ရန်ဖြစ်တတ်ခြင်း။ မင်းလူနဲ့ စကားများ ရန်မဖြစ်ဘူးသူဆို၍ သိပ်မရှိလှ။ ဤသည်ကို ကျနော်က မကြိုက်။ တပ်ထိပ်ပိုင်းတာဝန် ရှိသူများက အစဉ်ခေါ်ယူဝေဘန်သည်။ ကျနော်တို့လို ခင်မင်ရင်းနှီးသူများက ဖျောင်းဖျဆုံးမသည်။ ထိုအချိန်တွင်တော့ သူက ပြုံးပြုံး ပြုံးပြုံးနှင့် ငြိမ်ပြီး နားထောင်နေတတ်သည်။ သို့သော် ရန်ကတော့ ဖြစ်မြဲ။

ထိုစဉ်က ဘုရားသုံးဆူ ဒေသ မကျသေး။ ကျနော်တို့ တပ်ရင်းနေရသည်က ဘုရားသုံးဆူ ရွာစွန်နား တွင် ရှိသော ဘုန်းကြီးကျောင်းကုန်းရှိ အခင်းအနည်းငယ်သာရှိသော ဇရပ်၌။ ထိုဇရပ်ကို ရောက်ပြီးနောက် ၀ါးခုတ်ပြီး အကာအခင်းအပြည့်လုပ်ရသည်။ စားဘို့အတွက် လူခွဲကာ တောင်ယာဖုန်းဆိုးဟောင်းများကို မွှေနှောက်ရသည်။ မည်မျှပင် မွှေနှောက်စေကာမူ ကျနော်တို့ ရခဲ့သည့် အသီးအနှံက ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သဘောင်္သီးပင်။ မနက် ကျောက်ဖရုံဆိုပါက ည သဘောင်္ သို့မဟုတ် ရွှေဖရုံ။ ကျနော်တို့ ဆေးတပ်စိတ်က မှီခိုနေထိုင်ရသည့် ဘုန်းကြီးကျောင်းအား နေ့စဉ် ရေထမ်းဖြည့်ရသည်။ ကြမ်းတိုက် ပေးရသည်။ သို့အတွက် ဘုန်းကြီးများက သူတို့ ဆွမ်းစားပြီးလျှင် ကျနော်တို့အား ဆွမ်းဟင်းအကျန်များကို စွန့်လေ့ရှိသည်။ ဆွမ်းဟင်းအကျန်ဆိုသည်က ငပိရည်သာ။ ငပိရည်ကလည်း နဲသည့်အတွက် ကိုယ်နှင့် ခင်မင်သူများကို ခေါ်ကာ ဒိုင်၍ စားရသည်။ ကျနော်နှင့် အတူစားဖြစ်သည်က မင်းလူ။ ငပိရည် နှစ်ဇွန်း သုံးဇွန်းကိုက ထိုအချိန်က နတ်သုဒ္ဓါ။

နောက် ကျနော်တို့ စခန်းဆောက်ရန် မြေနေရာရသည်။ စခန်းဆောက်ပြီး၍ ပြောင်းကာစမှာပင် ဘုရားသုံးဆူ ၀န်းကျင်တခို၌ စစ်ရိပ်စစ်ငွေ့များယှက်သန်းလာသည်။ ရန်သူစစ်တပ်က ထိုးစစ်ဆင်တော့မည်။ ထိုအချိန်က ကျနော်တို့မှ ရှိသည့် သေနတ်က လူဦးရေထက်စာလျှင် အပုံကြီးနည်းလွန်းနေသည်။ ကျန်သော ကျောင်းသားတပ်များ၊ မဟာမိတ်မွန်တပ်များဖြင့် ပေါင်း၍ စစ်ကြောင်းထွက်ရန် အကြောင်းကြားစာ ရောက် လာသည်။ ရှိသည့်သေနတ်များကို တွက်ကြည့်ပြီး စခန်းတွင် အချို့တ၀က် ထားပြီး ကျန်ရှိသည့်သေနတ်နှင့် ရှေ့တန်းထွက်သွားကြသည်။ ထိုအထဲတွင် မင်းလူပါသွားသည်။ ကျနော်တို့က ဘုရားသုံးဆူကျခါနီးတွင်မှ ဆုတ်လာရသည်။

ဒီလိုနှင့် ကျနော်တို့ စခန်းအသစ်ပြောင်းဆောက်ရသည်။ ထိုနေရာက ကရိန်ကန်တွင်ဖြစ်သည်။ မအောင်မြင်သည့် ရေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ မင်းလူတို့ ပါသည်။ ကျနော်တို့ စခန်းဆောက်အပြီး ရှေ့တန်းသို့ ရိက္ခာပို့ရန် တာဝန်ကျသည်။ သေနတ် အပိုရှိရင်တော့ ရှေ့တန်းမှာနေခဲ့မယ် ဆိုသည့် စဉ်းစားမှုဖြင့် ကျနော်လိုက်သွားခဲ့သည်။ ၃ ရက်မျှ ပြင်းပြင်းထန်ထန်လျှောက်ပြီး ရေးတောင်ပိုင်းရှိ ခေါဇာ ကျေးရွာဂွင်ထဲ ရောက်သွားသည်။ ထိုအချိန်တွင်မင်းလူတို့က မြောက်ပိုင်းမှာ။ နောက်တန်းပြန်သည့်သူများ ပြန်သွားကြသဖြင့် သေနတ်တလက်ယူပြီး ရှေ့တန်းတွင် ကျနော်နေရစ်ခဲ့သည်။ ရေးတောင်ပိုင်းဂွင်အတွင်း ၇လ ခန့် လှည့်လည်နေထိုင်ပြီး ကျနော်တို့ စစ်ကြောင်း မြောက်ပိုင်းသို့သွားပေါင်း ရသည်။ ထိုသို့သွားပေါင်း မှသာ မင်းလူနှင့် ပြန်ဆုံရခြင်းဖြစ်သည်။

(၂)

တပ်ကို ပြန်လည်စုဖွဲမှုလုပ်သောအခါ မင်းလူက ကျနော်တို့တပ်စိတ်တွင် ပါလာသည်။ နဂို ကတည်းက တွဲခဲ့သူများဖြစ်နေခြင်းကြောင့်လည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင် နေကြသည်။ အထူးသဖြင့် အချစ်ရေး။ အချစ်ရာကိစ္စတွင်ဖြစ်သည်၊ သူနှစ်ခြိုက်နေသည့် တိုင်းရင်းသူကလေးကို မည်သို့မည်ပုံချည်းကပ် သင့်သည်ကို ကျနော်က အကြံပေးရသည်။ ဤကိစ္စတွင် ကျနော်က ဖြစ်ဖြစ်ထွန်းထွန်း ရှိလှသူ မဟုတ်။ သို့သော် တခြားတပါးသော သူများအတွက်တော့ ရသည်။ အဓိက က ရည်းစားစာ ရေးပေးရခြင်းဖြစ်သည်။ ကျနော်ရေးသည့်စာကို သူက သူ့လက်ရေးနှင့် ပြန်ရေးပြီး ကျနော်က ကောင်မလေး ရေသွားခပ်ချိန်တွင် လိုက်ပေး ပေးရသည်။ ကျနော်ပေးတော့ (ကျနော်ပေးသည်ဟု ထင်ပုံရ၍) ကလေးမက မယူ။ အကျိုး အကြောင်းနှင့် ကျနော်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြတော့လည်း မရ။ ဒါဆို ကြိုက်တဲ့သူကို လာပေးခိုင်းလိုက်ဟု စကားပြန်လိုက်သည်။ သို့သော် ဒီကောင်ကလည်း စစ်တိုက်ရင်တော့ အလွန်ရဲရင့်သူ ဖြစ်သော်လည်း ဒီကိစ္စမျိုးမှာတော့ မရဲတင်း။ သူသွားပေးတော့ ကျနော့်ကို အတင်းခေါ်သည်။ ကျနော်ကလည်း ဆေးရိုးသည် အဖြစ်မခံနိုင်။ နောက်ဆုံးတော့လည်း သူ့ဆန္ဒကို လိုက်လျောပြီး လိုက်သွားသည်။

သူသွားပေးတော့ ကောင်မလေးက ငြင်းဘို့တောင်မေ့နေပုံရသည်။ ချက်ချင်းကို စာလက်ခံလိုက် သည်။ နောက်သိပ်မကြာခင်ရက်များအတွင်းမှာဘဲ ကျနော်တို့စစ်ကြောင်း အဲဒီရွာကို ပြန်ဝင်တော့ နှစ်ရက်လောက်အနားရသည်။ ဘောလုံးကန်ကြ၊ အပျိုမလည်ကြနှင့်။ ပြောက်ကြားဒေသဖြစ်သော်လည်း လူထု အခြေခံကောင်းသောဒေသဖြစ်၍ တပ်နှင့်ပြည်သူက ရေနှင့်ငါးပမာ။ နောက်နေ့စစ်ကြောင်း ထွက်မည်ဆိုသောညတွင် မင်းလူတယောက်ပျော်လို့ မောလို့ တည်းရာအိမ်သို့ ပြန်လာသည်။ ကျနော့်စိတ်ထဲကတော့ သိနေခဲ့သည်။ ဒီကောင်လေးတော့ ရည်းစားအဖြေပြန်ပေးလိုက်ပြီ ဆိုသည်ကို။ သို့သော် မသိချင်ယောင်ဆောင်ပြီး အခြားစကားတွေလျှောက်ပြောသည်။ နောက်ဆုံးသူမနေနိုင်တော့။

`အကို သိလား.. ကျနော့်ကို အဖြေပြန်ပေးလိုက်ပြီဗျ´ သူဆိုတောာ့ ` သိပါတယ်ကွာ… မင်းပုံစံကြည့်တာနဲ့ ဒါပေမယ့် အိပ်ကြရအောင်။ မနက်ဖြန် စောစော စစ်ကြောင်းထွက်ရမယ်´ ကျနော်က ပြန်ပြောလိုက်သည်။ ထို့နောက် ကျနော်လည်း အိပ်ရာဝင်ဖြစ်ခဲ့သည်။

(၃)

နောက်နေ့မနက်စောစောပင် ကျနော်တို့ အရုတောင်ကျေးရွာဘက်သို့ ထွက်ခဲ့ကြသည်။ အရုတောင်က နာမည်ကြီး။ တလအတွင်း ကျနော်တို့ နှစ်ပွဲဆော်ထားကြသည်။ ထိုနှစ်ပွဲတွင် ရန်သူက တော်တော်အထိနာခဲ့သည်။ ဒါကို သူတို့က အခဲမကျေ။ ကျေးရွာသားများထံမှ သတင်းများအရ ကျနော်တို့ကို အပိုင်အုပ်ရန် စီစဉ်နေသည် ဟု သိရသည်။

အရုတောင်ရောက်ပြီး နောက်နေ့မနက် ရန်သူ့လှုပ်ရှားမှု သတင်းကြားရသည်။ ရွာအ၀င် နည်းနည်းလှမ်းသည့် ရာဘာတောထဲတွင် ကျနော်တို့ ခြုံခိုတိုက်ပွဲလုပ်ရန် ပြင်ရသည်။ တနေကုန်ထမင်းငတ် သွားသည်။ ညနေ လေးနာရီလောက်၌ ရွာသားများ ထမင်းလာပို့ပြီး ထွက်လာသည့် ရန်သူ ရေးမြို့ထဲသို့ ပြန်ဝင်သွားကြောင်း သတင်းပါလာသည်။ ထမင်းစားပြီး ရွာထဲသို့ပြန်ဝင်ကာ နေရာချသည်။ ထုံးစံအတိုင်း မင်းလူက ကျနော်နှင့်အတူအိပ်သည်။ ညဘက်ရောက်တော့ သူက ပြောသည်။ ` ကျနော်က သူ့ကို နှစ်ရက်လောက်ပဲ ကြာမယ် ပြောခဲ့တာဗျ။ ဒါဆို မနက်ဖြန်လောက်ဆို သူတို့ရွာကို ပြန်ရောက်လောက်ပြီပေါ့နော်။´ `အေးဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတာကလည်း မင်းသိတဲ့အတိုင်း အစိုးရတာမှ မဟုတ်တာ။ ခုတမျိုး.. တော်ကြာတမျိုး ပြောင်းတတ်တာဘဲ။ဘာဘဲဖြစ်ဖြစ် ပြန်ရောက်မှာပါ။ အိပ်မယ်။ ညဘက်ကျ ကင်းရှိသေးတယ်´ ဟု ကျနော်ဆိုတော့ `ဟုတ်ကဲ့´ ပြောကာ တဘက်လှည့်ပြီး အိပ်ပျော်သွားသည်။ သို့သော် သူကတိပေးခဲ့သည့် ပြန်ရောက်မည်ဆိုသောမနက်ဖြန်သည် ကျနော်တို့အား ကြေကွဲမှုများစွာပေးရန် စောင့်စားနေသည်ကို ကျနော်တို့အားလုံး မသိကြချေ။

ကျနော့်ကင်းချိန်က ညတနာရီက နှစ်နာရီ။ ကျနော်ပြီးတော့ မင်းလူ ကင်းချိန်။ မနက်လေးနာရီ ထိုးတော့ အရုဏ်ဦးတိုက်တတ်သည့်အတွက် အားလုံး နေရာယူပြီး နေရသည်။ ငါးနာရီခွဲလောက်အထိ ဘာမှ မထူးခြားသောကြောင်း ပြန်ရုတ်ပြီး ကိုယ်တည်းသည့် အိမ်ကို ပြန်ကြသည်။ စောင်ပါးလေး ခြုံပြီး ပြန်ကွေးနေတုန်း… ဆူဆူညံညံနှင့်ရွာပြင်ဘက်မှ အော်၍ ပြေးလာသော အမျိုးသမီးကြီးတယောက်၏ အသံကို ကြားရသည်။ အော်လာသည်က `ကွန်မနန်ဟမယ်(ဗမာစစ်သား)လား… ကွန်မနန်မွန် (မွန်စစ်သား) လား မသိဘူး။အများကြီးဘဲ´ ။ သေချာသည်ကတော့ ရွာပြင်မှာ ကိုယ့်လူမရှိ။ ရန်သူသာဖြစ်သည်။ ကျနော်တို့အားလုံး အီကွေးမင့်၊ သေနတ်၊ဘေးလွယ်အိတ် အားလုံး လက်တဘက်နှင့် ဆွဲပြီး ဖိနပ်ကို တဘက်မှ ကိုင်ကာ တကိုယ်စာအတွက် ပစ်ပိုင်နယ်ပေးထားသည့် နေရာသို့ အပြေးသွားချိန်တွင်ပင် ကျနော်တို့ဘက်မှ ပစ်လိုက်သော RPG အသံကို ကြားရသည်။ ထိုပစ်ခတ်မှုကပင် ကျနော်တို့ကို ကယ်လိုက်သည်။ ရန်သူက လမ်းမအတိုင်း အလုံးလိုက် အခဲလိုက် ပြေးဝင်လာစဉ် ထိုပစ်ခတ်မှုက သူတို့ ထိုးစစ်ကို နောက်ပြန်လန်သွားစေသည်။ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်တော့ ကျနော်က သတ်မှတ်ထားရာ နေရာနှင့် ၁၅ ပေမျှ ကွာနေသည်။ ကျနော့်ဘယ်ဘက်ယွန်းယွန်းတွင် မင်းလူ… ဘေးချင်းကပ်တွင် နိုင်သူ။ မင်းလူက ပစ်နေရင်း လှမ်းအော်သည်။ `အကိုတို့ အဲဒီနားမှာဘဲနေဦး ..အဲဒီနေရာက ကျည်လမ်းကြောင်း အရမ်းကျနေတယ်´ အော်ပြောရင်း တဖက်ကလည်း ပစ်နေသည်။

ဒီလိုနှင့် ကျနော်ရှေ့နားတွင်ရှိသော ဆန်နီ ခြေထောက်ထိသွားသည်။ တင်မောင်တက်ဆွဲတော့ ခြေထောက် ထပ်ထိသည်။ နောက် မောင်မောင်လတ်ထပ်တက်တော့ ဗိုက်ဘေးနားက လျှပ်ထိသွားသည်။ သူတို့သုံးယောက်ကို ဆုတ်ရန်ပြောတော့ ဆုတ်သွားကြသည်။ ကျန်သည်က ကျနော်၊ နိုင်သူ ၊မင်းလူ။ နောက် ကျနော်တို့ညာကျောတွင် ဖြန့်ယူထားသော ကျောင်းသားတပ်ရင်း ၁၀၂ မှ စစ်ကူ နှစ်ယောက် ဘရောင်နင် စက်လတ်တလက်နှင့်ရောက်လာသည်။ သူတို့လည်း ၁၅ မိနစ်ခန့်သာ တယောက်ထိသွားသည်။ တိုက်ပွဲက ကျည်ဆန် ဖြည့်ချိန်လောက်တွင်သာ တိတ်ဆိတ်သည်။ ကျန်သည့်အချိန်က မုန်တိုင်းလို။ နှစ်နာရီခန့်ကြာ သွားသည်။ မင်းလူကတော့ ရာဘာပင်လတ်လတ်တခုတွင် ငုတ်တုတ်ထိုင်ပစ်လိုက်၊ ထပစ်လိုက်။ ခဏကြာတော့ ကျနော်နှင့်နိုင်သူအကြား အမ်အေ ၉၄ တလုံးကျလာသည်။ နိုင်သူ ဗိုက်တွင် အနည်း ငယ်ထိသည်။ ကျနော်လက်မောင်းကို ပေါက်ကွဲမှုကြောင့်လွင့်လာသည့် ခဲစ အသေးလေးပွတ်သွားသည်။ မင်းလူအားလည်း အတင့်မရဲအောင် အော်ရသည်။ သူမကြားတော့။ သူ့ခန္ဓာကိုယ်တွင် လူထုအတွက် တိုက်နေရသည်ဆိုသည့် စိတ်က ပူးကပ်နေခဲ့ပြီ။ သူ့ရှေ့မှောက်မှာလည်း အခြားသော ရဲဘော်များဒဏ်ရာ ရခဲ့ကြသည် မဟုတ်လား။ သူတချက်ထပစ်သည်။ရုတ်တရက် ဖုတ်ခနဲ ထိုင်ရက်သား ပြန်ဖြစ်သွားသည်။ သူ့ဆီက သေနတ်သံ ငြိမ်သွားသည်။ နိုင်သူက သူတက်ကြည့်မယ် ကာပစ်ပေးရန် ပြောပြီး တက်သွားသည်။ တွားသွား၍ တက်သွားကာ လည်ပင်းကို သိုင်းဖက်ပြီး ကျနော့်ဘက်ကို ခေါင်းခါပြသည်။ ဆိုလိုသည်ကတော့ သူကျဆုံးသွားပြီ။ သူသေဆုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်။ နိုင်သူက မင်းလူ၏ သေနတ်၊အီကွေးမင့်၊ ကျောပိုးအိတ်တို့ကို ဆွဲယူလာသည်။ အသက်မဲ့ခန္ဓာကိုတော့ မဆွဲနိုင်သေး။

တိုက်ပွဲက ရှည်ကြာလွန်းလှသည်။ ကျနော်တို့ ၀မ်းမနည်းအားသေး။ ကိုယ်ရှင်သန်ဘို့လည်း ပစ်ခတ်ရဦးမည်မဟုတ်လား။ နောက်ဆုံး ရန်သူထိုးစစ်က ကြီးသထက်ကြီးလာတော့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျနော်တို့ ဆုတ်ပေးလိုက်ရသည်။ ပြန်ဆုတ်တော့ မင်းလူအပါအ၀င် ကျဆုံးသွားသည့် ရဲဘော် ၆ဦး၏ ခန္ဓာကိုယ်များကို ကျနော်တို့ မသယ်နိုင်ခဲ့။

တိုက်ပွဲဖြစ်နေစဉ်က မရွာခဲ့သော မိုးက အပြန်လမ်းတလျှောက်တွင် သဲမဲပြင်းထန်လှစွာရွာသည်။ ကျနော်မျက်နှာသည်လည်း မိုးရေနှင့် မျက်ရည်စ ရောနေသည်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေမိသည်။ ခန္ဓာကိုယ်ကို ရအောင် မသယ်နိုင်ခဲ့သည့်အတွက်…။ နိုင်သူကတော့ ဖြေသိမ့်ပါသည်။ သို့သော် သူလည်း ၀မ်းနည်းသံနှင့်။ အဲဒီနေ့မှာ ချစ်သူနှင့် တွေ့ဖို့ မျှော်လင့်နေခဲ့တဲ့ အညတရ ပြောက်ကျားတဦးရဲ့  ကျန်ရစ်ခဲ့ သည့် ရုပ်ကြွင်းကို သူ့ချစ်သူရှိရာ ရွာမှာ မြှုပ်နှံပေးချင်တာက ကျနော့်ဆန္ဒပါ။ သူ့ မွေးဇာတိကို ပြန်ပို့ဖို့ဆိုတာကလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်လား။ ကျဆုံးသွားသည့်အကြောင်း သတင်းစကားသာ ပါးနိုင်မည်လေ။

မမြင်ရသည့် သူ့ဝိဥာဉ်ကရော သေဆုံးသည်နှင့် ဘယ်ကို စီးမျောသွားခဲ့ပါသလဲ။ အမေအိမ်ကိုလား.. ဝေးကွာခဲ့တဲ့ စာသင်ခန်းကိုလား… သူ့ချစ်သူဆီလား။ ဘယ်ကိုပဲစီးသွားတာ ဖြစ်ဖြစ် လွတ်မြောက်ရေးကောင်းကင်ထဲမှာ ခေတ်အဆက်ဆက် လင်းလက်ခဲ့တဲ့ ကြယ်စင်တွေထဲက တစင်းတော့ သူ ဖြစ်သွားခဲ့ပြီ လို့ စိတ်ထဲက ပြောရင်း ငိုနေတဲ့ သူ့ချစ်သူနံဘေးက ထွက်လာခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေ ကလည်း စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်မချင်းကြုံနေရမယ့် အဖြစ်တွေ မဟုတ်လား။

ထိုတိုက်ပွဲတွင် ကျောင်းသားတပ်မှ ၆ ဦးနှင့်မွန်ပြည်သစ်တပ်မတော်မှ ၂ ဦးကျသည်။ စုစုပေါင်း ၁၄ ဦးခန့် ဒဏ်ရာရသည်။

နအဖဘက်မှလည်း ၃၀ ၄၀ ခန့် ထိခိုက်ကျဆုံးဒဏ်ရာရသည်ဟု သိရသည်။


Read More...

ခွပ်ဒေါင်းတို့ရေးတဲ့ မနောမြေတောင်တန်းများသမိုင်း

လမ်းပေါ်၌ ကျောက်တုံးများ။ ချိုင့်ကြီးများကို ခဲရာခဲဆစ်ကျော်ဖြတ်နေရသော ကားလေးကြောင့် ကျနော်သည် တချက်ချက် မြောက်ဆွမြောက် ဆွဖြစ်လျှက်။ စိတ်ကို သဘာဝပါတ်ဝန်းကျင် ရေမြေတောတောင်အလှ၏ အာရုံထဲ၌ နစ်မြုပ်ထားလိုက်သည်၊ အအေးပိုင်းဒေသ၏ ပေါက်ရောက်သော သစ်ပင်များက လမ်းဘေးဝဲယာ၌ စိမ်းစိမ်းစိုစို ထိုးထိုးထောင်ထောင်။ ၀ါးရွက်များပေါ် တင်နေသော နှင်းခဲနှင်းဥလေးများကို ကျနော်သည် ငေးစိုက်ကြည့်လျှက်။ ဒီလမ်းက ကေအိုင်အို ဖေါက်ထားတာတဲ့၊ တရုတ်ဖေါက်ရင်တော့ ဒီထက်ပိုကောင်းမှာပေါ့ ဒါပေမဲ့တရုတ်က သူအတွက် အကျိုးအမြတ်မရှိဘဲနဲ့ ဘာမှမလုပ်ဘူးလေဟု သူမှတ်ချက်ပေးနေပြန်သည်၊ မြောက်ပိုင်း ကျောင်းသားရဲဘော်လေး၏ ရှင်းလင်း ပြောဆိုမူများ က တလမ်းလုံး ဝေေ၀ဆာဆာရှိလှသည်၊ သူက ကျနော်တလှည့် တရုတ်ကားမောင်သမားကို တလှည့်ဖြင့် စကားနှင့် ဖေါ်ရွေစွာပင် ရှင်းပြနေ လျှက်။သူ အရွှင်းဖေါက်သမျှ တရုတ်ကားမောင်းသမားက တ၀ါးဝါးပွဲခံ် ရီမောနေလျှက်။ကျနော်က ပဲပင်ပေါက်စကားများကို သေခြာနား မလည် သေး၊ တံခါးဖွင့်စီးပွားရေးကြောင့် ခရီးသွားရတာ အစစ်အဆေးမရှိတော့ဘူး အကိုရေ…။ စိတ်ထဲမှာတော့ ဒီရဲဘော်လေး ရေတက်ငါးစင်ရိုင်း စိတ်ရှိတဲ့ စစ်အစိုးရ စိတ်ကို မဖတ်မိလို့ပဲ ထင်ရဲ့ဟု ကျနော့ စိတ်အစဉ်မှာ တွေးတောလျှက်၊ ဆက်ပြီးသူက အရင်တုံးကဆိုရင် စာရွက်သယ် သွားရင် စာရွက်မှာ ကျနော်တို့ မ.က.ဒ.တ စည်းတံဆိပ်ပါရင် တောင်ဖမ်းတာ။ ကျနော်ဆို မကြာမကြာအဖမ်းခံရတယ်ဟု ခရီးသွားတာဝန်ခံ မြောက်ပိုင်းကျောင်းသား ရဲဘော်လေးရှင်းပြချက်ကို လေးလေးစားစားစိုက်၍ နားထောင်ရင်း သူ့ကိုကြည့်မိသည်၊ သူ့ဇာတိသည် မိုးကောင်း မြို့က အသက်က ၂၀ကျော်။ မခံချင်လွန်းလို့ လက်နက်ကိုင်တိုက်ဖို့ အသက် ၁၄နှစ်ကတည်းက တောခိုလာခဲ့တာဟု သူ့ဘ၀ဇတ်ကြောင်းကို ရှင်းပြနေသည်မှာ ကျနော့်အတွက် တန်ဖိုးရှိစရာ သင်ခန်းစာ။ ရရင်ရ မရရင်တော့ ချမှပဲရတော့မည်။ ၁၉၈၈တုံးက ဒို့လူထုက ဒီမိုကရေစီကို လမ်းမပေါ်ကနေ လက်ဝါးဖြန့် တောင်းခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့ ရခဲ့ကြတာက ဂျီသရီးကျည်ဆန်ဟု ပြောလိုက်တော့ ကျနော့စိတ်ထဲ မာတောင့်တောင့် ဖြစ်သွားသည်၊ သူ့စကားများကြောင့် ကြက်သီးတဖျန်းဖျန်းပင် ခံစားလိုက်ရသေးရဲ့။
ပင်လယ်ရေမျက်နှာပြင် အထက်အတော်မြင့်မားသော ထိုဒေသသို့ရောက်ခဲ့ရသည့်အတွက် အက်စကီမိုး လူမျိုးများသည်ပင်လျှင် ထိုဒေသ၌ အခြေချနေထိုင်နိုင်မည် ဖြစ်သော်လည်း နုနယ်ငယ်ရွယ်သော ထိုကျောင်းသား တပ်မတော်ရဲဘော်များအတွက် ကာယိက ဒုက္ခဝေဒနာကို ကြီးကြီးကျယ်ကျယ် ခံစားကြရမည်မှာ အသေအချာ။ နှင်းမြူများကြားမှ မုဒ်ဦးဂိတ်ဝတခုကို တွေ့လိုက်ရသည်၊ ထိုမုဒ်ဦး၌ ဒါးနှစ်လက်ကို ကြက်ခြေခတ်ထားသည်၊ သူတို့က ဒါးဒါးခြင်း၊ ကျနော်တို့ ကျောင်းသားတပ်မတော်က ဒါးဒါးခြင်း၊ လှံလှံခြင်း၊ ကျနော်တို့ စစ်အကျီင်္ဘယ်ဖက် တံဆိပ်က ဒါးနှင့်လှံကို ကြက်ခြေခတ်ထားသည်၊ သူတို့က ဒါးနှစ်လက်ကို ကြက်ခြေခတ်ထားသည်၊ ဂိတ်ဝကိုရောက်တော့ ကချင်စကားဖြင့် “ အန်းထဲ့ ဂျောင်မာ ဒပ်ကော့နား” ( ကျနော်တို့ ကျောင်းသား တပ်မတော်ကပါ )ဟုပြောတော့ ဂိတ်စောင့် ကေ.အိုင်.အို ရဲဘော်က မောင်းတံကို ဖွင့်ပေးလိုက်သည်၊ ကျနော် ကေ.အိုင်.အို ဗဟိုဌာနချုပ်ရှိရာ လိုင်စင်ဒေသသို့ခြေချမိပြီ၊ ယခင်က ပါဂျောင်၊ နားဖေါ့ဒေသမှာ သူတို့ ဌာန ချုပ် ရှိသည်၊ ထိုဒေသရန်သူ့ လက်ထဲသို့ကျသည့်အတွက် ပါဂျောင်၏ တောင်ဘက်ရှိရာ ယခုလိုင်စင်သို့အခြေချသည်၊ ပါဂျောင်မှာဆိုရင် ၀ါး ရေ တံလျောက်ကကျတဲ့ ရေတောင် မနက်ရောက်ရင် အတောင့်လိုက်ကြီး ရေခဲသွားတယ်ခင်ဗျ ဟုပြောလိုက်တော့ ရေခဲများအပေါ်သွားနေသော ကျနော်တို့ကားဘီးကို ဖြတ်ကနဲကြည့်မိလိုက်သည်၊ မကြာခင် ဒေါင်းအလံစိုက်ရာသို့ ရောက်ရှိတော့မည်။

ရောက်ပြီဆိုတာနဲ့ စခန်းမှူးရဲဘော်ပေါက်ကွေးက ကျနော်တို့ကို အပြေးအလွှားလာကြိုသည်၊ လူကြီးတွေ အပေါ်မှာ စောင့်နေကြတယ်ခင်ဗျဟု ပြောဆိုရင်း စစ်ယဉ်ကျေးမှုအရ သူကကျနော့်ကို အလေးပြုသည်၊ ကျနော်က လေးစားပါတယ်ရဲဘော်ဟု ပြောရင်း သူကိုကြည့်မိတော့ ကျောင်းသားယူနီဖေါင်းနှင့် သပ်ရပ်တင့်တယ်နေလို့။ ပစ္စတိုကို ခါး၏ဘေး၌ သေသပ်စွာထိုးချိတ်ထားသော သူ၏ ရုပ်သွင်ကိုမြင်လိုက်ရသဖြင့် အမိမြန်ပြည်အတွက် စိတ်ဓါတ်အားတက် မိလိုက်သည်၊ သြော် ကျနော်တို့ဘ၀သည်ကား ကျောင်းစိမ်းဘ၀မှ ယူနီဖေါင်းအစိမ်းဘ၀များသို့။ ခဲတံကိုင်ခဲ့သောလက်မှ သေနတ်ကိုင်နေကြရသော လက်များသို့။

မ.က.ဒ.တ(မြောက်ပိုင်း)ရဲဘော်များက အမိန့်နာခံမူ အားကောင်းကြသည်ကို တွေ့ရသည်။ တိုင်းပြည်လွတ်မြောက်မှုအတွက် ထိုအမိန့်နာခံမူသည် အရေးကြီးကြောင်း စစ်မြေပြင်သင်ခန်းစာများက ကျနော့်ကို လက်တွေ့သင်ပြပေးခဲ့ဘူးသည်၊ “မ”တထောင်သားများကို အုပ်ချုပ်ရသည့်အတွက် ထိုအမိန့်နာခံမှုမှ အစ လိုက်နာစရာနည်းနာများအား စစ်သင်တန်းများမှ ရရှိခဲ့သည်၊ ကျနော်သည် ကျနော်တို့ ဥက္ကဌဟောင်းကိုထွန်းအောင်ကျော်၊ ကိုမိုးသီးနှင့် တွေ့လျှင်ပင် သတိဆွဲမတတ် ရိုသေစွာ ဆက်ဆံတတ်ကြောင်းကို ကျနော့်ကို ကျနော်သတိထား လိုက်မိသည်က ထိုစစ်သင်တန်းများက သင်ကြားပေးခဲ့သည့်အရာများ။ တော်လှန်ရေးပျောက်ကျားရဲဘော် တဦးအနေဖြင့် ထိုအမိန့်နာခံမူကို သဘောတရားဖြင့် ချွန်းအုပ်မှသာလျှင် ရန်သူတပ်နှင့် ကွဲပြားခြားနားစေနိုင်သည်၊ ကျနော် တို့ကျောင်းသားတပ်က လူထုကို ဦးထိပ်ပြုသည်၊ လူထုကိုနှိပ်စက်လာလျှင် ဆတ်ဆတ်ထိလုံးဝမခံနိုင်၊ ရန်သူက ဤသို့မဟုတ်၊ သူတို့၏ ဗိုလ်သင်တန်း သင်ခန်းစာများက လူတွေကို အုပ်ချုပ်တဲ့အခါ ဒီအရာ သုံးပါးနှင့် အုပ်ချုပ်ပါဟုသင်ကြားပေးသည်၊ (၁)အကြောက်တရား (၂)ကိုယ်ကျိုးရှာလိုမူ (၃)အသိအမှတ်ပြုခံလိုမူ ဒီအရာသုံးပါးကို ထိမ်းချုပ်နိုင်ရင် မင်းခေါင်းဆောင်ဖြစ်ပြီ ရန်သူက ကြောက်အောင်ခြောက်သည်၊ မြောက်ပေးသည်၊ ဖျက်ဆီးပစ်သည်၊ ယခုရဲများ၊ ကြံဖွတ်များ၊ စွမ်းအားရှင်များကို မြောက်ပေးနေသည်၊ လူတွေကို အကျင့်စာရိတ္တပျက်ရန် ကိုယ်ကျိုးရှာခိုင်းသည်၊ လူမူထူးချွန်ဆုဘွဲ့ တံဆိပ်များပေး၍ အသိအမှတ်ပြုသည်၊ လူတွေကိုဤကဲ့သို့အုပ်ချုပ်လျှင်ရမည်ဟု ထိုမိစ္ဆာကောင်များက ထင်သည်၊ လူတွေကို မေတ္တာ၊ စေတနာ၊ မုဒိတာရှေ့ထား၍ အုပ်ချုပ်နိုင်မှသာလျှင် ရမည်ဟု ကျနော်က ခံယူသည်၊ ကျနော်တို့လူထုအပေါ်ထားသော သဘောထားနှင့် သူတို့၏ သဘောထားများက ရှေ့နောက် ပမာကွဲလွဲလျှက်။
ကျနော်က ဗိုလ်ပေါက်ကွေးကို ခင်ဗျားသေနတ်က ဘာသေနတ်လည်းဗျ ဟုမေးမိရာ “တရုပ်လုပ်သေနတ်ပါခင်ဗျ”ဟု သူကဖြေသည်၊ ကျနော်က သေနတ်ကိုင်လျှင် ဘ၀င်မြှင့်သည့် နအဖ ဗိုလ်ပေါက်စများကို ငယ်စဉ်က ကောင်းကောင်းမြင်ဘူးခဲ့သည်၊ လူတယောက်သည် သေနတ်ကိုင်လိုက်သည်နှင့် သူ့လက်သည်ဘေးသို့ ကားထွက်လာသည်၊ သူ၏ ရင်ဘတ်သည်လည်း ရှေ့သို့ငေါ့ထွက်သွားသည်၊ သူ၏ စကားပြောပေါက်ကလည်း သူများနှင့်မတူတော့၊ မာမာထန်ထန်၊ ကျနော်တို့ ကျောင်းသားတပ်မတော်မှ ဗိုလ်ပေါက်ကွေး သည်ကား ဤကဲ့သို့လူစားမဟုတ် သူတို့သည် စစ်မှန်သည့် လူထုအတွေးအခေါ် လူထုကို အလုပ်အကျွေးပြုရေး၊ လူထုကိုမှီခိုရေးဆိုသည့် လူထုလမ်းစဉ်နှင့် သေနတ်ကိုပေါင်းစပ်နေကြသူများ ထိုသေနတ်သည် လူထုဘ၀ကိုချေဖျက်နေသည့် မိစ္ဆာကောင်များကို ပစ်မည့်သေနတ်များသာ မဟုတ်ပါလား။

လမ်းဘေးတောင်ကုန်းပေါ်၌ အစီအရီတည်ဆောက်ထားသော အဆောက်အဦများကို ဝေ့၀ိုက်ကြည့်မိသည်၊ တောင်ကုန်းများကို ဖြိုချ၍ ဆောက်ထားခြင်းဖြစ်သည်။ တောင်အောက်မှ တောင်ပေါ်အထိ အဆောက်အဦးများကို စီကာရီကာ ဆောက်ထားသည်၊ ဘေးကာကို ၀ါးဖြင့်ယက်လုပ် ကာရံထားခြင်းဖြစ်သည်၊ အမိုးက တရုပ်ပြည်လုပ် ရင်ပေါင်ကျန်း( ကတ္တရာနှင့် ၀ါးဖတ်ကို နယ်၍လုပ်ထားခြင်း၊ အအေးပိုင်းဒေသများ၌သာ သုံး၍ ရသောအမိုး )ဖြင့်မိုးထားသည်၊ “ကိုသံချောင်းတို့ တဲက ဟိုး တောင်ပေါ်မှာ”ဟု ရဲဘော်လေးတယောက်ကဆိုသည်၊ တောင်ပေါ်မှ ဆင်းလာသော ရဲဘော်လေးက ကျနော်တို့ကိုမြင်သည်နှင့် သူသည် သတိဆွဲလျှက် ရပ်နေသည်၊ ကျနော်တို့ကို ကျော်သွားမှသာ သူက သတိကိုဖြုတ်၍နောက် တောင်အောက်ဆင်းသွားသည်ကို မြင်လိုက်ရသည်၊ သူတို့သည် စစ်၏ ယဉ်ကျေးမူကို အတိအကျလိုက်နာ ယဉ်ပါးလျက် နေကြောင်းတွေ့လိုက်ရသည့်အတွက် ကျနော်က သဘောကျနေမိသည်။

တဲလေးတစ်လုံးမှ ရဲဘော်များက စီကာရီကာရပ်နေကြသည်၊ ထိုသူများသည်ကား ကျောင်းသားတပ်မတော် မြောက်ပိုင်း ခေါင်းဆောင်များ ဖြစ်သော ကိုသံချောင်း၊ ကိုကျော်ကျော်၊ ကိုစိန်အေး၊ ကိုနေထွန်း၊ ကိုထွန်းလွင်၊ ကိုလဆိုင်း တို့ကို မြင်လိုက်ရသည်၊ ရောက်သည်နှင့် သူတို့၏ နွေးထွေးသော လက်များက ကျနော်၏ လက်ထဲ၌ တင်းတင်းရင်းရင်း ဆွဲကိုင်လှုပ်ရမ်းခါလျှက်၊ ကျနော်အား ထိုတဲငယ်လေးတစ်လုံးသို့ဖိတ်ခေါ်သည်၊ ထိုအလယ်၌ မီးလင်းဖိုတလုံး ….. လူတော့မစုံတော့ဘူးဗျာ၊ ကျဆုံးကုန်တဲ့လူတွေတော့ ကျကုန်ကျပြီဟု ကိုသံချောင်းကပြောသည်၊ ကျနော်တို့အတွင်းရေးမှူး ကိုမျိုးဝင်းတယောက်တော့ ၉၂တိုက်ပွဲမှာ ကျသွားတယ်ဟု ပြောတော့ ကျနော်သည် ကိုဖုန်းမော်ကျဆုံးစဉ်ကလို လက်သီးကို တင်းတင်းရင်းရင်း ဆုပ်လျှက်မိသားဖြစ်မိသွားသည်၊ ကိုမျိုးဝင်းက ကိုဖုန်းမော်တို့နှင့် ကလပ်စ်မိတ်တွေလေ။ အာ.အိုင်.တီ စက်မှုတက္ကသိုလ်ကျောင်းသား၊ ရှမ်းနီလူမျိုး၊ သူက ကချင်ပြည်၊ဒေသနမ္မားက “ရန်သူတောင်ကုန်းကို တက်သိမ်းရင်း ၀ဲဖက်ရင်အုံကို ရန်သူကျည်က ဖေါက်ထွက်သွားပြီး ကျဆုံးသွားတယ်ဗျာ”ဟု ပြောတော့ ပေးဆပ်မှုများကို ပြန်လည်၍ အမှတ်ရလိုက်သည်၊ ကျနော်နှင့်လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ကြီးဆန်းလင်း၊ တိုက်မောင်း၊ ထွန်းဦး၊ ခင်ထွန်းကြည်တို့ပင်လျှင် လူထုအတွက် ပေးဆပ်ခဲ့ကြလေပြီ ကျောင်းသားနှင့် တိုက်ပွဲ၊ ကျောင်းသားနှင့်စွန့်လွှတ်မူသည် အာဏာရှင်စနစ်ကြောင့် အတူယှဉ်တွဲလျှက်။ “အမိမြေလွတ်မြောက်ဖို့ အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးတွေဟာ ဟိုးအောက်ဆုံးအလွှာမှာ ရှိစေရမယ်”ဟု ရှေးကနောင်တော် ကျောင်းသားခေါင်းဆောင်ကြီးပြောခဲ့ သောစကားတခွန်းကို နားထဲမှာ အမှတ်ရပဲ့တင်ထပ်လျှက်၊ ကျောင်းသားတပ်မတော်၏ ပေးဆပ်မှုတွေကလည်းအများသား၊ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲစသည့် ရဲသုံးရဲ စိတ်ဓါတ်နှင့် တိုက်ပွဲဝင်ကြရတော့မည့် အချိန်အခါ ဖြစ်သည့်အတွက် ကိုမျိုးဝင်းကျဆုံးမူသည် လုပ်သင့်လုပ်ထိုက်သည့် တာဝန်တရပ်ကို ရဲရဲကြီးထမ်းဆောင်သွားခဲ့ခြင်းသာ ဖြစ်သည်ဟု စိတ်မကောင်းသောရင်ကို ဖြေသိမ့်လိုက်ရသည်၊ ကျနော်တို့၏ ဘ၀သည်ကား လူထုအတွက် ပေးဆပ်ထားပြီးသား၊ လူတွေအလုပ်လုပ်ကြသည်မှာ နှစ်မျိုးဘဲရှိ သည်ဟု ဆရာကြီးမြသန်းတင့်၏ အဆိုအမိန့်ကို စကားကိုသတိရမိလိုက်သည်၊ တမျိုးက “လုပ်သင့်လုပ်ထိုက်လို့ လုပ်နေကြသူ” တမျိုးက “သူများတွေ အသိမှတ်ပြုပေးဖို့အတွက် လုပ်နေကြသူ”၊ မ.က.ဒ.တ ကျောင်းသားရဲဘော်များက ရဲရဲမြင်၊ ရဲရဲတွေး၊ ထဲထဲဝင် လူထုအတွက် လုပ်သင့်လုပ်ထိုက်၍ လုပ်နေကြသော အဖိုးအနဂ္ဂ တန်ဖိုးရှိသည့် သားကောင်းရတနာများသာ။

ဝမ်းသာ ရွှင်လန်းစွာတက်ကြွနေသော ရဲဘော်များ၏ အသက်ဝင်နေသော ရှင်းလင်းပြောဆိုမှုများက ကျနော်၏ ရင်ကို ဆွဲ ရမ်းခါနေသကဲ့သို့၊ ထိုညက ကျနော်တို့ အာဂျင်ဒါဆုံကြသည်၊ တိုက်ပွဲဝင်ရဲဘော်များ၏ တက်ကြွသံများ၊ ရင်ထုမနာအသံများ၊ ဖြတ်သန်းမှု ပုံရိပ်များက ကျနော်အတွက် ၀မ်းသာဝမ်းနည်းဖြစ်ရသည်၊ သူတို့က သမိုင်းကို ရဲရဲရေးနေကြသည်၊ တချို့က ဖေါ့၍ဖေါ့၍ရေးကြသည်၊ ကျနော်တို့ မ.က.ဒ.တ သမိုင်းသည်ကား အရှေ့လေ၊ အနောက်လေ၊ မျက်နှာစုံမှ လေတိုက်၍ ဖိတ်စင်ထွက်သွားသော လှေဝမ်းဗိုက်အပေါက်နှင့့် ရဲဘော်များအတွက် နှမျှောတသသဖြစ်မိသည်၊ ၀မ်းဗိုက်အပေါက်နှင့် လှော်ခတ် နေသောရဲဘော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးက အသင်တို့ကို သင်ခန်းစာပေးခဲ့ပြီ၊ ငါတို့ရင်ခွင်ကို ခိုလူံကြပါလော့၊ ငါတို့က တိုက်တွန်းနေခြင်းမဟုတ်၊ လူထုက တိုက်တွန်းနေခြင်းသည်သာ၊ ငါတို့သည် လူထုအတွက် ရဲရဲရင်ဆိုင်၍ ရဲရဲကျော်ဖြတ်နေသည်၊ ဒါ …. ငါတို့သမိုင်းဖြစ်သည်၊ ဒါလည်း … ငါတို့၏ လူထုသမိုင်းဖြစ်သည်။

မိုးကချူပ်ပြီ … ညကနက်နေပြီ … ကျနော်နှင့်သူတို့နှစ်ဦးသား သာလျှင် မီးဖို၏ အနွေးဓါတ်ကို ခိုလူံနေကြသည်။ ကိုကျော်ကျော်နှင့် ကိုထွန်းလွင် ဖြစ်တည်လာသော သူတို့၏ ဘ၀ဖြတ်သန်းမှုများက လူထုအတွက် ပေးဆပ်ကြရမည်ဆိုသော အာဂျင်ဒါများ၏ နိဂုံးအဆုံးကို ကျနော်က ကြို၍ မြင်မိသည်၊ နက်မှောင်အေးစိမ့်နေသော ည၏ သန်းခေါင်ယံ အချိန်အခါများကို လူထုလွတ်မြောက်ရေး အတွေးအခေါ် စိတ်ဓါတ်အပြည့်အ၀ဖြင့် ရှင်းပြနေသော ဆွေးနွေးချက်များက ထိုတညရဲ့ ကျနော်၏ အိပ်ချင်စိတ်ကို သတ်ပစ်လိုက်သည်။

တောစခိုတယ်ဗျာ …. စတာနဲ့ နန်းကွေ့ချောင်းရေကြီးချိန် ချောင်းကိုဖြတ်ပြီးသွားတာဗျ၊ ဟိုဘက်ကမ်းလည်းရောက်ရော လက်ပစ်ဗုံး ကိုင်ထားတဲ့ ကေ.အိုင်.အိုရဲဘော်က ဗဟိုက အမိန့်မရလို့ဆိုတော့ ကျနော်တို့ နောက်ကြောင်း ပြန်လှည့်ရတာပေါ့ဗျာ။ မြို့ထဲလည်းဝင်ရော ဒီစစ်ခွေးဝဲစားတွေနဲ့ ထိပ်တိုက်တိုးတယ်ဗျ။ ညကလည်းမှောင်နေတယ်။ ဒီကောင်တွေက မင်းတို့ဘယ်က လာလဲ။ မင်းတို့ကို ပစ်သတ်လိုက်လို့ ရတယ်ဆိုပြီးခြိမ်းခြောက်တယ်။ သေမထူး၊ နေမထူးဘ၀တွေပဲဗျာ ….. ဟု ထိုသို့ ကိုထွန်းလွင်၏ စကားသံက ညဦးယံကို လျှပ်ကာဖေါက်ထွက်သွားသည်။ သူ၏ စကားသံများ၌ တိုက်ပွဲ၊ သေနတ်သံများ၊ စိန်ခေါ်မှုများ ဗရပွ။ ရဲဘော်လေး မိုင်လားက ထင်းကို မီးပုံထဲသို့ အဆက်မပြတ် ထိုးထည့်ပေးနေသည်၊ သူတို့လေးတွေ အိပ်ချင်ရှာတော့မည်။ စကားစကဖြတ်၍ မရသေး၊ အရှိန်က ပို၍ ပို၍ ကောင်းလာသည်၊ နာရီကြည့်လိုက်တော့ ည သုံးနာရီ…။ ကိုထွန်းလွင်၏ စကားသံများကို ဆက်၍ ငံ့လင့်မိတာတော့ အမှန်၊ မြောက်ဖျားပိုင်း အအေးဒါဏ်ကို ကြံ့ကြံ့ခံနေသော မီးလင်းဖို၏ မီးရှိန်များကြောင့် သူတို့၏ မျက်နှာများသည် ၀င်းထိန်နေကြသည်၊ မိန်းမရှိကြတဲ့လူတွေက အစောကြီး အိပ်ကုန်ကြပြီဗျဟု ကိုထွန်းလွင်က ပြောသဖြင့် ကျနော်က ခင်ဗျားတို့ရောဟု ပြောသဖြင့် ကိုကျော်ကျော်က ဖိတ်စာတ၀က်တော့ သေချာနေပြီဟု ပြောသဖြင့် ၀ါးကနဲပွဲကြသွားသည်။
ထိုညက မ.က.ဒ.တ(မပ)ရှိ ရဲဘော်များရဲ့ သမိုင်းကြောင်းများ၊ ဖြတ်သန်းမှု အတွေ့အကြုံများ၊ တိုက်ပွဲများ မဟာမိတ်များအခြေအနေ အကြောင်းကို ရဲဘော်များက မမောနိုင် မပမ်းနိုင် ပြောပြကြသဖြင့် ကျနော့်အတွက် တချိန် သမိုင်းဆိုင်ရာ အချက်အလက်များ ဖြစ်လာမည်ကို ရရှိစေခဲ့သည့်အတွက် ထိုရက်များသည် ကျနော့်အတွက်တော့ ….ရွှေ၊ လူထုအတွက် ပတ္တမြား၊ တိုင်းပြည်အတွက် ရတနာများသာတည်း။ သူတို့၏ ဖြတ်သန်းမှု အတွေ့အကြုံများသည် သူတို့ရေးတဲ့ သူတို့သမိုင်း၊ မ.က.ဒ.တ ရဲဘော်များက သမိုင်းကို ဖေါ့ဖေါ့ရေးနေကြသူများ မဟုတ်ကြ၊ သူတို့က ကျောက်တုံးကျောက်နံရံများပေါ်၌ ခက်ရာခက်ဆစ် စူးနစ်စွာ ဖေါက်ထွင်း၍ ရေးခဲ့ကြသည်။ ကျနော်က ခက်ရာခက်ဆစ် ရေးချယ်ကြသော သမိုင်းကို ပို၍ ပုံရိပ် ထင်ကျန်ရစ်စေချင်သူ၊ ရေးခဲ့သော ပုံရိပ်များသည် လူထုအတွက် အေးမြစေနိုင်သော အရိပ်များအဖြစ် ထင်ဟပ်စေချင်သူ၊ ကျခဲ့ရသော သွေးစက်များနှင့် ခင်းခဲ့သည့်လမ်းသည် မြန်မာပြည် အနာဂါတ် ရင်သွေးလေးများအတွက် ဆက်၍ အသင့်လျှောက်ကြရမည့် ဖြောင့်ဖြူးသောလမ်းများ ဖြစ်စေချင် သူသာ။

ကျနော်က ကိုကျော်ကျော်နှင့် ကိုထွန်းလွင်တို့၏ ပြောပြချက်များကို လေးနက်စွာ အာရုံပြု နားစိုက်လျှက်ရှိနေသည်။ ရာသီဥတုက စူးစူးရဲရဲ ဆိုး ရွားလာသည်၊ ရဲဘော်လေးကလည်း ထင်းများကို အဆက်မပြတ် မီးပုံထဲသို့ ထည့်ပေးလျှက်ရှိသည်၊ ထိုထင်းတုံး၏ မီးအပူရှိန်များ၊ သူတို့နှစ်ဦး ၏ ထောင်းထောင်းထ တက်ကြွစွာ ရှင်းလင်းဆွေးနွေးမှု အရှိန်များကြောင့် ကျနော်၏ နှလုံးသွေးသည်လည်း အရှိန်အဟုန်ပြင်းစွာ လည်ပါတ် လျှက်။
“ကျနော်တို့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ကို ဒီလိုစခဲ့ကြတယ်ဗျ”ဟု အစချီသော နောက်ခံ အတိတ်သမိုင်းများသည် ကျနော့်အတွက်သာမက ကချင်ပြည်နယ်၏ ကျောင်းသားများ သမိုင်း အနာဂါတ်အတွက်သော် လည်းကောင်း။ အမိမြန်မာပြည်တပြည်လုံး အတွက် လည်းကောင်း အကျိုးရှိမည်ဖြစ်သဖြင့် ထိုအနာဂါတ် ခေါင်းဆောင်များဖြစ်လာကြမည့် သူတို့၏ ပုံရိပ်များ၏ ညှို့ငင် ဆွေးနွေး ပြောဆိုမှုများသည် ကျနော်၏ နား၊ မျက်စိ၊ အမြင်အာရုံများ၌ စွဲလျှက်၊ ညှိလျှက်။

န၀တ ၁၉၈၈အာဏာသိမ်းပြီးနောက် ပြည်မြန်မာ အနှံ့ လူထုတရပ်လုံး သွေးမြေခခဲ့ရသည်။ ထိုသို့ အာဏာစက်ဖြင့် အဓ္ဓမ ဖြေရှင်းမှုနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးဆင်နွဲရန် ကြီးမားသော ရည်မှန်းချက်ဖြင့် ကချင်ပြည်နယ်ကျောင်းသားများက ကြိုးပမ်းခဲ့ကြသည်၊ သူတို့သည် ရှေ့တန်းပျောက်ကျား တပ်ရင်း(၁၁) နှင့် တပ်ရင်း (၅)သို့ ဦးစွာပထမ ရောက်ခဲ့ကြပြီးး မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားကျောင်းသားများ စု၍ ကေ.အိုင်.အို ဗဟို လိုင်စင်ဒေသ၌ ဆွေးနွေးနိုင်ရန် အာဂျင်ဒါများကို ဆွေးနွေး စုစည်းကောက်ခံ အတည်ပြုခဲ့ကြသည်၊ ကျနော်တို့ အဖွဲ့တွင် မိုးကောင်း၊ မြစ်ကြီးနား ကျောင်းသားများပါဝင်ကြပြီး မိုးညင်း ကျောင်းသားများဖြစ်သော ကိုသံချောင်းနှင့် ကိုထွန်းလွင်တို့ကို နောင်ရာပါ ကေ.အိုင်.အို ရှေ့တန်းတနေရာတွင် ဆုံခဲ့ကြသည်၊ ထိုမှတဆင့် ကုန်းတတန်၊ ရေတန်ခရီးဆန့်၍ ကေ.အိုင်.အို လိုင်စင်ဗဟိုသို့ ခရီးရှည် ချီတက်ခဲ့ကြသည်၊ ထိုသို့ ပထမဦးဆုံးရောက် ရှိခဲ့သော သူများတွင် ကိုထွန်းလွင်(မိုးညှင်း)၊ ကိုသံချောင်း(မော်ဟန်)၊ ကိုကျော်ကျော် (မြစ်ကြီးနား)၊ ကိုအောင်ကြီး (မိုးကောင်း)၊ ကိုလွှမ်းမိုး(မိုးကောင်း)၊ မမီမီခိုင်(မိုးကောင်း)၊ ကိုမင်းဌေး(မိုးကောင်း) {ယခု ဇန္န၀ါရီ ၂၅- အမေရိကားတွင်ပြသမည့် Rambo – 4 တွင် အထူးလည် သရုပ်ဆောင်ထားသူ}၊ ဗိုလ်စော(ရန်ကုန်)၊ ဂျိုးဖြူ(မန္တလေး၊ မျိုးလွင် (မြစ်ကြီးနား) တို့ဖြစ်သည်၊ သူတို့သည် ကေ.အိုင်.အို လိုင်စင်ဌာနချုပ်သို့ ရောက်ပြီဆိုသည်နှင့် ကျောင်းသားများ တော်လှန်လူပ်ရှားမှုကော်မတီ (ကချင်) ဆိုပြီးဖွဲ့စည်းလိုက်ကြသည်။ ထိုစဉ်က မ.က.ဒ.တ(ဗဟို)နှင့် အဆက်အသွယ် မရကြသေး။ ထိုသို့ဖွဲ့စည်းပြီးနောက် ကေ.အိုင်.အို ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အောက်ပါအချက်လေးးချက်ကို တောင်းဆိုတင်ပြခဲ့ကြသည် ။

(၁) အဖွဲ့အစည်းတခုအနေဖြင့် သီးသန့်ဖွဲ့စည်းပေးရေး၊
(၂) ငွေကြေးအကူအညီပေးရေး၊
(၃) စစ်သင်တန်း အကူအညီပေးရေး နှင့် လက်နက်ခဲယမ်းမီးကျောက် အကူအညီပေးရေး၊
(၄) မ.က.ဒ.တ တောင်ပိုင်းဗဟိုနှင့် အဆက်အသွယ်ရရန် အကူအညီပေးရေး တို့ဖြစ်သည်။
ကေ.အိုင်.အို ခေါင်းဆောင်များကလည်း ထိုအချက်လေးချက်ကို အပြည့်အ၀အကူအညီပေးကာ ထိုရဲဘော်များက သင်တန်းအပါတ် စဉ် (၁)ကို စ၍ တက်ခဲ့ကြသည်၊ ၁၉၈၈ခုနှစ် ဇန်န၀ါရီလတွင် အပါတ်စဉ် (၁)သင်တန်း ကို သုံးလကျော် တက်ရောက်သင်ကြား ပြီးစီးခဲ့ကြသည်။ ထိုသို့ သင်တန်းပြီးစီး ပြီးနောက်။ ကျောင်းသား တပ်မတော်မြောက်ပိုင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြသည်၊ ထို့နောက် ကိုကျော်ကျော်၊ ကိုလှဌေး၊ ကိုသက်ထွန်းတို့က တောင်ပိုင်းဗဟိုသို့ တောတွင်းခရီးကြမ်းရှည်ကို ဆက်လက်ခရီးထွက်ခဲ့ကြပြီး ကိုထွန်းလွင်က ပြည်တွင်းအရေးကြီး ကိစ္စဆောင်ရွက်ရန် ပြည်တွင်းသို့ ၀င်ရောက်ခဲ့ကြသည်။

တပ်ဦးနှင့် တပ်မတော်တခုအတွက် သင်တန်း၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များကလည်း အသက်တမျှ အရေးကြီးသည်၊ သင်တန်း မရှိလျှင် အမိန့်နာခံမှုမရှိနိုင် လုပ်ငန်းကိုလည်း ထိရောက်စွာ အကောင်အထည်မဖေါ်နိုင် သို့ပါ၍ ကျနော်သည်ပင်လျှင် သင်တန်းကာလများ၌ ကြိမ်ဒဏ်များ၊ အပစ်ပေးခြင်းများကို ခံခဲ့ကြရသည်၊ အမိမြေလွတ်မြောက်ရေးအတွက် ပထမဦးဆုံး ပေးဆပ်မှုသည်ကား အသားနာကျင်မှုများ၊ ရောဂါဘယများ၊ အနေဆင်းရဲအစားဆင်းရဲမှုများ၊ ရာသီဥတုဒါဏ်များ ပြောလို့ပင်မကုန်၊ ဒီလိုနဲ့ မိုးထိဦးတိုက်နေတဲ့ မနောမြေ တောင်တန်းများပေါ်က ခွပ်ဒေါင်းတွေရဲ့ သမိုင်းကို စခဲ့ကြရတယ်။

မီးဖိုက ကျနော်တို့ကို အနွေးဓါတ် ကောင်းကောင်းပေးလျှက်ရှိနေသည်၊ ကျနော်တို့ အားလုံးသည် မီးဖိုဘေးလေး၌ ကပ်၍ ဒူးခြင်းတိုက်လျှက်ရှိသည်၊ ဆက်ပြီး ကိုထွန်းလွင်က “ကျနော် ၈၈ အစောပိုင်း မိုးးညှင်းတိုက်ပွဲမှာ ၀င်ချဘူးတယ်”ဟု ဆိုလာသဖြင့် ဒူးခေါင်းပေါ် မေးတင်ထားသော ကျနော်ခေါင်းထောင်သွားသည်၊ “ဘယ်လိုတိုက်ပွဲလဲ၊ ဘယ်လိုတိုက်ခဲ့တာလဲ” ဟုသည့် စိတ်ဝင်စားစွာဖြင့် ကျနော်က မေးခွန်းများကို တရစပ်မေးမိလေတော့သည်။

ထိုရက်များ၏ မြောက်ပိုင်းကျောင်းသားခေါင်းဆောင်များ၌ ရင်ထဲတွင် ခဲဆွဲသကဲ့သို့ လေးလံလျှက် ရှိနေသည်၊ သူတို့သည် န.၀.တ ၏ နရသိန်အကျဉ်းထောင်ထဲ၌ အကျဉ်းကျခံနေရသည့် တောခိုလာသော ရဲဘော်များအတွက် ရင်လေးနေကြသည်၊ ငါတို့ရဲဘော်တွေ ထမင်းမှ နပ်မှန်အောင်စားကြရလား၊ ရန်သူနှိပ်စက်မှုကြောင့် သွေးချင်းနီနီဖြစ်ကုန်နေကြပြီလား စသည့်ဖြင့် သို့လော သို့လောနှင့် လားပေါင်းများစွာသော စိုးရိမ် ကြောင့်ကျမှုများကို သူတို့၏ ရင်ကို ဘောင်ဘင်ခတ်လှုပ်ခါစေခဲ့သည်၊ ဤသို့ဖြင့် သူတို့သည် ကေ.အိုင်.အို ခေါင်းဆောင်များ ဆီသို့ ထပ်မံ၍ သူတို့၏ ကျောင်းသား ရဲဘော်များအရေး လွတ်မြောက်မှု အတွက် ဆွေးနွေးရန် ချီတက်ကြပြန်သည်။

“ကျနော်တို့ကျောင်းသားတွေ အများကြီးမိုးညှင်း အကျဉ်းထောင်ထဲမှာ ဖမ်းထားတယ်ခင်ဗျ”ဟု ကိုသံချောင်းက စတင်ဆွေးနွေးသည်၊ ကိုထွန်းလွင်က “သူတို့ကို ကယ်ထုတ်ပေးရန် တောင်းဆိုပါတယ်ခင်ဗျ”ဟု ဇယ်ဆက်သလို ပြောတော့ ကေ.အိုင်.အိုခေါင်းဆောင်များက ခေါင်းထောင်လာသည်၊ “အချိန်မှီကယ်နိုင်ရင်ကောင်းတယ်”ဟု ကိုကျော်ကျော်က တွန်းအားပေးပြောပြန်တော့ သူတို့က ခေါင်းတဆတ်ဆတ်ငြိမ့်လျှက်။ အခု လူထုအားရှိနေတဲ့ အချိန်မှာ ကျနော်တို့ လူထုနဲ့ လက်နက်ကိုင်ပေါင်းပြီး အခုချိန်တိုက်ရင် ကောင်းမယ်ထင်ပါတယ် ခင်ဗျဟု ကိုကျော်ကျော်က ဆိုလာတော့ သူတို့သည် မေးစေ့များကိုပွတ်လျှက်၊ ကျနော်တို့ မိုးညှင်းလူထုက ဒီစစ် အုပ်စုကို ချချင်နေကြတယ်ခင်ဗျဟု ကိုထွန်းလွင်က ကွန့်လာပြန်တော့ ဗိုလ်ချုပ်ဇော်မိုင်က ဗိုလ်မှူးပန်းအောင်နှင့် နှစ်ကိုယ်ကြား တီးတိုးပြောနေသည်ကို သတိထားမိလိုက်သည်၊ ဗိုလ်မှူးပန်းအောင်သည်ကား ထိုစဉ်က စစ်ဦးစီးချုပ်၊ တိုက်ခိုက်ရေး မဟာဗျူဟာ ဆွဲသည့်နေရာတွင် အင်မတန်မှ ပရိယာယ်ကြွယ်ဝသည်ဟု ထင်ရှားသူ၊ ရန်သူ့ဗိုလ်သင်တန်းများ၌ ပင်လျှင် သူ၏ စစ်ဆင်ရေးနည်းနာများကို ထည့်သွင်းရေးဆွဲ၍ အသုံးပြု သင်တန်းပို့ချကြသည်၊ ဒုဗိုလ်မှူးကြီးသိန်းထွန်း၏ ခလရ(၄၀) ဟိုပင်တပ်ရင်း တခုလုံးကိုပင် လက်ရဖမ်းဆီးနိုင်ခဲ့သူ။ ကိုသံချောင်းက မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် တုန့်ပြန်မှုကို စောလျှင်စိတ်များဖြင့် စောင့်မျှော်လျှက်၊ ကိုထွန်းလွင်က ထွက်လာမည့်စကားသံကို အာရုံစိုက် နားထောင်နေသလို၊ ကိုကျော်ကျော်က ခေါင်းဆောင်များ၏ မျက်နှာများကို စိုက်ကြည့်နေလျှက် အတွင်းစိတ် မနောကို စောကြောနေသလို တုန့်ပြန်မှုတခုကို စောင့်ဆိုင်းနေကြသည်။

တကဲ့စစ်ဆင်ရေးကြီးဆိုတော့ သူတို့ဖက်မှလည်း ချင့်ချိန်နေသလိုပင်၊ မြို့ကိုဝင်စီးရမည့်တိုက်ပွဲ၊ နှယ်နှယ်ရရတော့မဟုတ် စစ်ဆင်ရေးစီမံကိန်းက ကြီးရတော့မည်၊ ဘက်ပေါင်းစုံက ပြင်ဆင်ရတော့မည်၊ ရန်သူအခြေအနေ၊ မိမိအခြေအနေ၊ လူထုအခြေအနေ၊ လက်ရှိပကတိ နိုင်ငံရေးအခြေအနေ၊ ရှစ်လေးလုံးပြီးကာစ ပူပူနွေးနွေး လူထုရပ်တည်မှု၊ ထိုချိန် ရက်ရက်စက်စက် ရဟန်းရှင်လူ ကျောင်းသားများ အသတ်ခံရသဖြင့် လူထုက အမျက်ချောင်းချောင်း သွေးပူနေချိန်၊ အကျိုးအမြတ်ကို ချိန်မှရတော့မည်၊ သူတို့ ခေါင်းဆောင်များ စစ်ဆင်ရေးအကျိုးအမြတ်ကို ချိန်နေပုံရသည်၊ မိမိဘက်မှ မည်မျှကျဆုံး နိုင်မည်လည်း၊ နိုင်ငံရေးအမြတ်၊ စစ်ရေးအမြတ် မည်မျှရနိုင်မည်လည်း ဘက်ပေါင်းစုံ ချင့်ချိန်တွက်ဆနိုင်မှသာလျှင် သေ ချာသော တိုက်ပွဲကို ဆင်နွဲနိုင်တော့မည်၊ ကျနော်တို့ ကျောင်သားများလွတ်မြောက်ရေး၊ ကယ်တင်နိုင်ရေးအတွက် ကျနော်တို့သည်လည်း ရင်ခုန်စွာ ဆွေးနွေးမှု ရလဒ်အား စောင့်စားလျှက်၊ ဤသို့ဖြင့် မိုးညင်းမြို့သိမ်းတိုက်ပွဲ ကျောင်းသားများကို ကယ်ထုတ်သည့်ပွဲ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုအား၊ ကျောင်းသား ပြည်သူတို့၏အား မကြာမှီပေါင်းစပ်ကြတော့မည်၊ မကြာမှီ မိုးညှင်းတိုက်ပွဲလာချေတော့မည်။

ကျနော်တို့ မီးလင်းဖိုသည်လည်း စစ်ဇောမာန်ဟုန် တက်သည့်အလား အရှိန်ပြင်းစွာ တောက်လောင်ညှီးလျှက်၊ မကြာမှီအရှေ့ဘက်မှ ရောင်နီများသန်းလာတော့မည်၊ တဖက်တောင်ကုန်း စစ်သင်တန်းမှ မ.က.ဒ.တ ကျောင်းသားတပ်မတော် ရဲဘော်များ၏ စစ်သွေးစစ်မာန်ဖြင့် “ဘာလုပ်နေလည်း၊ လေ့ကျင့်နေတယ်” “ဘာလုပ်ဖို့လဲ၊ တိုက်ပွဲဝင်ဖို့” “ဘယ်သူ့အတွက်လည်း၊ ပြည်သူ့အတွက်ပဲ” “ဘာစိတ်ဓါတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓါတ်” ဟု နှင်းငွေ့ မြူတွေကြားဖေါက်ထွက်၍ ညီညာစွာ တွန်ကြူးလိုက်သော ဒေါင်းတမာန်တို့ အသံတွေဟာလေ ရေခဲသည့် ဂျင်းဖေါတို့၏ မနောတောင်တန်းများမှ မြန်ပြည်တလွှား သောင်းထိုက်ကကြားအောင် သားမောင် တို့လေ အမိမြေ လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွဲနေကြကြောင်း။

သားချစ် (ဟစ်တိုင်)

Read More...

တိုက်ပွဲသို့ ...

ကဲ …
ရဲရင်ထွက်
တက်မဖြုတ်
သုတ်သုတ်လှမ်း
ရာဇ၀င်ပန်းပွင့်ဖြူဖြူ
ဘယ်သူ နမ်းကြူရဲသလဲဟေ့ … ။

(၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် အမည်မသိ ကဗျာဆရာတဦးမှ ရေးသားသည်)


Rest of your post

Read More...

Sunday, August 31, 2008

မြင့်မြင့်စန်း ဇာတ်လိုက်ဖြစ်ပြီ

မာရေကျောရေနိုင်တဲ့ကောင်လေ
ဘာဖြစ်လဲ
ချော်ကျရင်တောင် မှော်ထနေဦးမယ့်ကောင်။

ဆန္ဒစွဲအရ ပြောကြစတမ်းဆိုရင်
သူပုန်ထပွဲကြီး ချိမ့်ချိမ့်သဲသဲ ကျင်းပလိုက်ချင်တာပါပဲ။

ငါ့ကို
ကန့်လန့်တိုက်တယ်လို့ မပြောကြနဲ့
ရန်သူကို ရန်သူလို့ မခေါ်ရဲတဲ့ကောင်တွေကို တိုက်မယ်
မြေထုလိုမစွဲမြဲရင် လေထုလို အသဲကွဲရမယ်
ဘုရားသခင်က မောင်ရင်တို့ကို ကျော်မကြည့်ခဲ့
ဘယ်လောက်ပဲ ပူလောင်ပါစေ ရင်ခွဲရုံမှာတော့ ဇိမ်မရှိဘူး
တပ်ကြပ်ကြီးအထာ လာလုပ်မနေနဲ့။

မြင့်မြင့်စန်းရေ …
မင်းက ငါ့ကို
တင့်တင့်တယ်တယ် လူရာဝင်စေချင်သတဲ့
ဟုတ်စ
မင်းက ငါ့မိန်းမဆက်ဖြစ်နေဦးမယ့်သူပါကွယ်
မညံ့နဲ့။

မြင့်မြင့်စန်းရေ … မိန်းမရေ
မင်းသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ
ဟိုစာစောင် ဒီစာစောင်မှာပါလာတော့
မင်းရဲ့မျက်နှာ တညှို့တထွာ
အားမငယ်စမ်းပါနဲ့ မိန်းမရာ
မင်းကို ငါ
ကဗျာထဲမှာ ထည့်ရေးပြီ။

ညိုထက် (လမ်းသစ်ဦး)ဲ

Rest of your post

Read More...

Thursday, August 28, 2008

ရွှေရုပ်တု

ရဲဘော်
နွေလည်နေ့ရက်တရက်မှာ
ငါတို့ကို ရဲဘော်ခွဲထွက်သွားခဲ့တယ်။

ရဲဘော်ရဲ့ဈာပနကို
ငိုရှိုက်ခြင်းနဲ့ ပို့ဆောင်ဂုဏ်ပြုဖို့
ငါတို့မှာ အချိန်မရှိ။

ရဲဘော်ရဲ့ ရုပ်တုကို
ယဉ်ကျေးစွာထုလုပ်ဖို့ … ပြီးတော့
ထိုက်တန်စွာ ထုလုပ်ဖို့
ငါတို့မှာ ရွှေသားမရှိ။

ဒါပေမယ့်
သွေးတွေရွှဲနစ်နေတဲ့
ရဲဘော်ရဲ့ အင်္ကျီကို
ငါတို့ အလံထူလို့
ရှေ့သို့ ရှေ့သို့
ရှေ့ဆီကို သွားနေကြတယ်ဆိုရင်
နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်လိုက်ပါတော့ ရဲဘော်။

ဌေးအောင်

Rest of your post

Read More...

သူပုန်တယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်၊ ပထမညအစီရင်ခံစာ အကျဉ်း

ရွှေအိမ်စည်

(က)
လူတွေနဲ့ဝေး... ဝေး၊ ဝေးတဲ့နယ်မြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)

“အဟုန်းဝ” ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်းခြေတွင်လည်း အဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ်။ ဓားလွယ်ခုတ်သဏ္ဍာန် ရှိသည်။ အနောက်ဘက်ကမ်းခြေရွာက မြစ်ညှာဘက် ပိုကျပြီး အရှေ့ဘက်ကမ်းရွာကမူ မြစ်အောက် ဘက်ကျသည်။ အဟုန်းဝအနောက်ဘက်ကမ်းရွာက ဘီးလင်းမြို့နှင့် ကမ်းတဘက်တည်းတွင်ရှိသည်။ ဘီးလင်း၊ ဖာပွန်လမ်းမနှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းကြားရှိ “ကျေးတောရွာ”...။ ဘီးလင်းနှင့်မူ (၇) မိုင်ခန့်သာဝေးပြီး မြင်းလှည်းနှင့် သွားလာ၍ရသည်။ အနောက်ဘက်ကမ်းရွာက အရှေ့ဘက်ကမ်းရွာထက် အိမ်ခြေပိုများပြီး ကရင်လူမျိုးများနေထိုင်ကြသည်။ တောင်ထန်းခြံလုပ်ငန်း များ ရှိကြသည်။ အာဏာပိုင်အဆက်ဆက်က စိုက်ခိုင်းသဖြင့် ကြံကိုသာစိုက်ပျိုးကြရသည်။ ကြံက စပါးလောက် တောင်သူများအတွက် တွက်ခြေမကိုက်။ မစိုက်မဖြစ် အာဏာစက်ကြောင့်သာ စိုက်နေ ကြရသည်။ တံတားခါးကျိုးတပ်စခန်း၊ အမှတ် (၃) ခြေမြန်တပ်ရင်းဌာနချုပ်နှင့် အဟုန်းဝအနောက်ဘက် ကမ်းခြေရွာတို့က တြိဂံတခု၏ အနားစွန်းများသဖွယ် ချောင်းနှင့်ကားလမ်းကြားတွင် ရှိ၍နေသည်။ နှစ်မိုင်၊ သုံးမိုင်ထက် မကွာဝေးကြ။ တပ်စခန်းနှစ်ခုက ဘီးလင်း၊ ဖာပွန်ကားလမ်းပေါ်တွင်ရှိပြီး ရွာက ချောင်းနဘေးတွင်ရှိသည်။ ဘီးလင်းမှလာသော် တံတားခါးကျိုး တပ်စခန်းအားလွန်လျှင် ကားလမ်းမှ ဖယ်ပြီး ရွာသို့သွားသည့် လှည်းလမ်းရှိသည်။ လှည်းလမ်းက ကြံခင်းများအား ဖြတ်၍သွားသည်။

ကျနော်တို့မြင်းလှည်းက တံတားခါးကျိုးတပ်စခန်းအား လွန်ခဲ့ပြီ။ ဂိတ်မှစစ်သားသည် ကျနော်တို့ မြင်းလှည်းအား ခဏမျှ ကြည့်ပြီး လမ်းအားပိတ်ထားသည့် ၀ါးတန်းဂိတ်များအား ဖွင့်ပေးသည်။ မည်သို့မျှ မစစ်မေး၊ အဟုန်းဝရွာသို့သွားသည့် လှည်းလမ်းဝသို့ ရောက်သည့်အခါ၌ ကျနော်တို့ မြင်းလှည်းပေါ်မှ ဆင်းကြ၏။ တယောက်.. နှစ်ယောက် .. သုံးယောက်။ ကျနော်တို့၌ လွယ်အိတ် တလုံးသာပါသည်။ လွယ်အိတ်ထဲ၌က အ၀တ်အစားအပိုတစုံစီနှင့် ငွေအနည်းငယ်မျှသာ...။
ထားတော့။ တပေါင်းနေသည် ဖျော့၍ ဖျော့၍လာပြီ။ ကျနော်တို့တခုတော့ စိုးရိမ်နေသည်။ ရွာ
အတွင်း၌ စစ်တပ်နှင့် မတိုးမိစေရန်။ တွေ့၍ မေးလားမြန်းလားလုပ်လာလျှင်လည်း ပြဿနာမရှိ။ ကျနော်တို့ ဖြေရန်စိတ်ကူးထားပြီးသား အဖြေများကရှိသည်။ ရွာအတွင်းသို့ လှည်းလမ်းအတိုင်း
ဝင်ခဲ့သည်။ ရွာတွင် စစ်ကြောင်းမရှိ။ ကျနော့်မိတ်ဆွေ၏ အမည်အားပြော၍ ရွာသားတဦးအား မေးရသည်။ သူညွှန်ပြသည့်အတိုင်း ကျနော့်မိတ်ဆွေ၏အိမ်သို့ ရောက်သည်။ ပထမ၌ ကျနော်တို့
အားတွေ့ပြီး ကျနော့်မိတ်ဆွေသည် အံ့သြ၍နေသည်။ ကျနော်အကျိုးအကြောင်းရှင်းပြ၍ သူ့ထံမှ အကူအညီတောင်းသည်။

“အရှေ့ဘက်ကမ်းကူးရင်တော့ ဒီအတိုင်းကူးလို့မဖြစ်ဘူး။ အရင်လူလွှတ်ပြီး သတင်းစုံစမ်းဦးမယ်။ အခုတလော ဟိုကောင်တွေ အ၀င်အထွက်အမြဲရှိတယ်။”
ကျနော့်မိတ်ဆွေပြောသည့် ဟိုကောင်တွေဆိုသည်မှာ ခလရ (၉၆) စစ်ကြောင်းနှင့် (သကစဖ) ဟု ခေါ်သော သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များအား ရည်ညွှန်းခြင်းဖြစ်သည်။ အရှေ့ဘက်ကမ်းတွင်မူ ကျနော်တို့ ဟိုကောင်တွေနှင့် တွေ့၍မရတော့။ အနောက်ဘက်ကမ်းရွာကဲ့သို့ ရှင်းပြ၍လည်း မရနိုင်။ ချောင်းခြားသော ဤအရပ်က ကေအန်ယူတပ်မဟာ (၁၀) ၏ ပြောက်ကျားဒေသဖြစ်၍နေပြီ။ န၀တ
အတွက်မူ စစ်ဆင်ရေးနယ်မြေ။ အမဲရောင်အရပ်။ ဤအတွက် ဤအရပ်တွင် ကျနော်တို့ ဟိုကောင် တွေနှင့် ဆုံမိ၍မရ။ ကြိုတင်၍ သတင်းစုံစမ်းပြီးမှ ကျနော်တို့အား ကျနော့်မိတ်ဆွေမှ အရှေ့ဘက် ကမ်းသို့ လိုက်ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍လာ သည်။ ၀ါဖျော့ဖျော့...။ ထိုမှ မှိုင်းပြပြ...။ အရောင်များပြောင်းလဲ၍ သွားတော့သည်။
(ခ)
နေ၀င်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်
သံသရာလမ်းဟာ မချောမွေ့တတ်တော့
ရင်ဆိုင်ရန်ခွန်အားဖြည့် မိငယ်ရေ...
(ခင်မောင်တိုး၏ “ခွန်အားဖြည့်မိငယ်” သီချင်းမှ)
တပေါင်း၊ တန်ခူးဖြစ်၍ ချောင်းပြင်သည် ရေသားနည်းပြီး သဲသောင်များဖြင့် ကျယ်၍နေသည်။ သဲသောင်အတွင်းသို့ မဆင်းမီ ကမ်းပါးစပ်ရှိ မိုးမခပင်ရိပ် အုပ်အုပ်များအောက်၌ ကျနော်တို့အားလုံး ခေတ္တထိုင်ပြီးငြိမ်၍ ချောင်းရေပြင်နှင့် ဟိုဘက်ကမ်းဆီသို့ စူးစိုက်၍ကြည့်၏။ လဆန်းရက် လရောင် သည် ရေပြင်နှင့် သဲသောင်ပြင်ပေါ်သို့ ယိုစီး၍ ဖိတ်ကျနေသည်။ ဘော်ငွေရောင် ဖျော့ဖျော့အောက်၌ အရာအားလုံးသည် ငြိမ်သက်၍နေ၏။ ချောင်းရေသည် ရေအလျင်သာ။ အရာအားလုံးသည် သက်ငြိမ်…။
အရှေ့ဘက်ကမ်းရွာဆီမှ နွားခလောက်သံများအား ကြိုးကြား၊ ကြိုးကြား ကြားရ၏။ အိမ်အပြန် နောက်ကျသည့် နွားရိုင်းတို့၏ ခလောက်သံ...။ တခါတခါတွင်မူ ကာလသားတို့၏ လရောင်ဆမ်း
သည့် ညဥ့်ဦးယံ၌ မထူးခြား...။ ဟိုကောင်တွေမရှိ။ သူတို့ရှိပါက ရွာသည် ဤသို့မဟုတ်...။ တိတ် ဆိတ်၍နေသည်။ ငြိမ်၍နေ၏။ ၀ပ်၍နေ၏။ တစပြင်ကဲ့သို့ ..။

“ကျနော်တို့ကူးကြရအောင်..”
ကျနော်တို့အားလုံး မိုးမခအရိပ်မှ ထွက်၏။ ကမ်းပါးမှဆင်းသည်။ သဲသောင်ပြင်အား ဖြတ်ကြ၏။ နွေရက်များဖြစ်၍ ချောင်းရေက တိမ်သည်။ ဒူးဆစ်မြုပ်ရုံသာ ရှိသည်။ လုံချည်အား “မ” ပြီး ရေပြင်သို့ဆင်း၏။ လရောင်သည် ကျနော်တို့အားလုံး၏ ကျောပေါ်၌ ခိုစီး၍လိုက်လာသည်။ ရေပြင်ထက်မှ လဆန်းရက်လသည် ကျနော့်အား မော့၍ကြည့်သည်။
ကျနော်ခေါင်းမော့လိုက်သည့်အခါ၌ ရွာမှကလေးများ၏အသံများကိုပင် ကြားရ၏။ ရွာသို့သွားရာ လူသွားလမ်းက ကမ်းပါးနှင့်မှေးပြီး ကပ်လျှက်သွားသည်။ ကျနော်တို့အပေါ်မှ ၀ဲ၍အော်နေသော တစ်တီတူးငှက်၏ မြည်သံက မရပ်တော့။ မှိတ်တုတ် မှိတ်တုတ်မီးရောင်များအား ဟိုမှသည်မှ တွေ့ရသည်။ အရှေ့မှသွားနေသော ကျနော့်မိတ်ဆွေသည် အိမ်ဝင်းတခုအတွင်းသို့ ၀င်လိုက်သည်။ အိမ်ရှင်အား ကျနော့်မိတ်ဆွေက ကရင်လို လှမ်း၍ခေါ်လိုက်သည်။ ကျနော်တို့က အိမ်ရှေ့ သရက်ပင် အုပ်အုပ်၏အရိပ်၌ လရောင်ကွယ်၍ မှောင်ရိပ်ခို ရပ်နေကြသည်။
ကျနော့်မိတ်ဆွေနှင့် အိမ်ရှင်သည် ကရင်လိုပြောနေကြသည်။ စကားသံအား ကြားရသော်လည်း နားမလည်။ ခဏကြာလျှင် သူတို့နှစ်ဦးလုံး ကျနော်တို့ရှိရာ သစ်ပင်အရိပ်ဆီသို့လာကြသည်။
“သူက ဒီရွာရဲ့ “ဘီဘဲလ်ခို” ပဲ။ ခင်ဗျားတို့ကိစ္စ သူဆက်စီစဉ်ပေးလိမ့်မယ်”
ကျနော့်မိတ်ဆွေပြောသည့် “ဘီဘဲလ်ခို” ဆိုသည်မှာ ကရင်လိုရွာသူကြီးဖြစ်သည်ကို နောင်မှ ကျနော်တို့သိလာကြရသည်။
ဤရွာများ၌ ရွာလူကြီးအား နှစ်ယောက်ထားကြ၏။ တယောက်က န၀တအာဏာပိုင်များနှင့် ဆက်ဆံ ရန်ဖြစ်ပြီး တယောက်က ကော်သူးလေအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်သည်။ ယခုကျနော်တို့နှင့် တွေ့သည့် ရွာသူကြီးက ကော်သူးလေပြည်နယ် အာဏာပိုင်များနှင့် ဆက်ဆံရမည့်သူဖြစ်မည်။ ကျနော်က ဆက်သွယ်လိုသည့် ကေအန်ယူမှ “ဖဒို” တယောက်၏အမည်အား “ဘီဘဲလ်ခို” ကို ပြောသည်။ သူက …။

“မနက်ဖြန်ကျမှ ဆက်သွယ်တာပေါ့။ ဒီညတော့ ခင်ဗျားတို့ မဲနခေါင်းရွာဘက်တက်အိပ်တာ ကောင်းမယ်။ ဒီမှာက အချိန်မရွေး ဟိုကောင်တွေ ၀င်ထွက်ကြတယ်။ စိတ်မချရဘူး။”

သူ့စကားအရ ကျနော်တို့ဒီည ခရီးဆက်ကြရဦးမည်။ မဲနခေါင်းရွာက အဟုန်းဝရွာ၏ အထက်ပိုင်းတွင် ရှိသည်။ ဘီးလင်းချောင်းဘေးတွင်ပင်ရှိသော်လည်း ရွာဝန်းကျင်က ကွင်းမဟုတ်။ တောတောင် လျှိုမြောင်တို့ရှိသည်။ န၀တစစ်ကြောင်းများလည်း ရုတ်တရက် ၀င်ထွက်မလှုပ်ရှားရဲ။ ကျနော်တို့အဖို့ လုံခြုံမှုရှိသည်ဟု ဆိုရမည်။ ကျနော်တို့ အဟုန်းဝရွာမှ ထွက်ခဲ့၏။ လမ်းပြသည် ပုဆိုးတထည်အား ပုခုံးပေါ်တင်၍ အရှေ့မှလျှောက်သည်။ သူ့နောက်မှ ကျနော်တို့...။ ကျနော်တို့ရွာသို့ဝင်ခဲ့သော လမ်း ဘက်ဆီမှ ခွေးဟောင်သံ စူးစူးဝါးဝါးအား ကြားရသည်။ ကျနော်တို့ခြေလှမ်းများ မြန်၍လာသည်။ စစ်ဆင်ရေးနယ်မြေ၌ လက်နက်ရှိသောရန်သူအား လက်နက်မရှိသေးသည့် ကျနော်တို့ မရင်ဆိုင် လိုသေး...။ ကြံခင်းများအား တခင်းပြီးတခင်း ဖြတ်ကျော်ခဲ့ရ၏။ လရောင်ကိုမူ ကျနော်တို့ကျောပိုး၍ ထားရဆဲ။
(ဂ)
ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ
မနာလိုစရာလည်းပဲ မရှိတော့ပေ
ဘယ်သူမဆိုအာလုံး တန်းတူနေ
ညီအစ်ကိုလို ကြင်နာမှုနဲ့လေ
လောကအသစ်တခုတည်နေ ..
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
“စောဖားကလိုး” က ကျနော်နှင့် အလယ်တန်းထိ ကျောင်းနေဘက်သူငယ်ချင်း။ ယခုမူသူက ကေအန်ယူသို့ဝင်ပြီး ကရင်လက်နက်ကိုင်တော်လှန်ရေးအား လုပ်ကိုင်၍နေသည်။ ကေအန်ယူ တပ်မဟာ (၁) မဲနခေါင်းနယ်မြေ၏ အကွက်မှူး၊ ကျနော်တို့ “စောဖားကလိုး” တို့ အဖွဲ့ထံတွင် ရောက်သည်မှာ (၃) ရက်ရှိပြီ။ မဲနခေါင်းနယ်မြေ၏ ကြံခင်းစောင့်တဲလေးတွင် ဖြစ်သည်။ မဲနခေါင်းချောင်းက ဘီးလင်းမြစ်အတွင်းသို့ စီးဝင်သည့် ရိုးငယ်လေးမျှသာ။ မိုးအခါတွင်ရေပြည့်ပြီး နွေဦးမှစ၍ ရိုးလေးအတွင်း ရေမရှိတော့။ ဟိုတကွက်၊ သည်တကွက် ရေအိုင်ငယ်လေးများသာ ကျန်ရှိတော့သည်။
နေ့ခင်းဘက်များတွင် ရေအိုင်ငယ်အတွင်းဆင်း၍ ငါးဖမ်းကြသည်။ အိုင်ပက်ကြ၏။ ငါးနုတ်ကလေး များလည်း ရတတ်ကြ၏။ အများအားဖြင့်မူ ဖားတပိုင်း၊ ငါးတပိုင်းများကိုသာ အရများ၏။ ဖားလောင်း များက လက်မခန့်ပင်ရှိသည်။ အရောင်က ညိုမည်းမည်း၊ ရေစင်အောင်ဆေးသော်လည်း အချွဲက မပျောက်။ ဖားလောင်းများအား သရက်သီးစိမ်းနဲ့ ချက်စားကြသည်။ ချက်သည်ဆိုသော်လည်း
ဆီမပါ။ “ဟန်းကော” တွင် အချိုမှုန့်၊ ဆားခပ်၍ ပြုတ်ခြင်းမျှသာ...။
ဤရက်အတွင်း ကျနော်တို့ လူတယောက်အား ရှာ၍နေကြသည်။ “ဘီဘဲလ်ခို” များ၊ ကင်းသမားများ ကိုလည်း လူလွှတ်၍ ရှာခိုင်း၏။ လမ်းလျှောက်စကားပြောစက်မှလည်း “စောဖားကလိုး” မှ ကေအန် ယူ၏ အခြားစက်များသို့ မေး၍ရှာ၏။ မတွေ့။ ပျောက်၍နေသည်။ သူက ကျနော်တို့ထက် တရက်ကြို ထွက်ခဲ့သည်။ ချောင်းကူး၍ အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ပြီကိုမူ ကျနော်တို့ မြို့မှ မထွက်မီကတည်း
က သိသည်။ အသေအချာပင်...။ သို့ကြောင့်ပင် ကျနော်တို့ နောက်နေ့၌ သူ့နောက်သို့ အမီလိုက်ခဲ့
ခြင်းဖြစ်သည်။ ဤသို့ထွက်ရန်အစီအစဉ်အားလုံးက ကျနော်တို့၏ အစီစဉ်ပင်။
ကေအန်ယူနှင့် အဆက်အသွယ်ရယူမှု၊ ဆက်သွယ်ပေးမည့်လမ်းပြ၊ ထွက်ခွာမည့်လမ်းကြောင်း၊ အားလုံးအား ကျနော်တို့ပင် စီမံခဲ့ကြ၏။ သူက အကြမ်းအဖျင်းမျှသာ သိ၏။ ဘယ်ရွာကို သွားမည် ဟူ၍မျှသာ...။ အသေးစိတ်ကိုမူ မသိ။ သူနှင့် ကျနော်တို့အားလုံး အတူတူထွက်ကြရန် စီမံထားကြ၏။ ဤအတွင်း သူက အစိုးရိမ်လွန်ပြီး တယောက်တည်းထွက်သွားခဲ့၏။ ယခုမူ (၄) ရက်မြောက်ခဲ့ပြီ။ သူ့သတင်းအား လုံးဝမရသေး။ ကေအန်ယူမှ မည်သည့်အဖွဲ့နှင့်မျှလည်း တွေ့သည်ဟူ၍ မကြားရ။ ရွာသားများတွေ့ခဲ့သည်ဟူ၍လည်း သတင်းမရ။ သူဘယ်ရောက်လို့ နေပြီနည်း။ မတတ်နိုင် ..။
ဖြစ်နိုင်သည်က နှစ်လမ်းရှိသည်။ ကေအန်ယူနှင့် အဆက်အသွယ်မရသည့်အတွက် ပြည်တွင်းသို့
လျှို့ဝှက်စွာပြန်ဝင်သွားပြီး တနေရာရာတွင် ရှောင်၍နေသည်လား။ ဒါမှမဟုတ် န၀တစစ်ကြောင်းနှင့် တိုးမိပြီး အဖမ်းခံသွားရပြီလား။ မြို့ရှိ သူ့နေအိမ်ကိုတော့ ပြန်၍မရ။ အဖမ်းခံရမည်သာဖြစ်မည်။ အန်အယ်လ်ဒီ၏ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျနော်တို့မြို့၏ မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတဦးဖြစ်သည့် သူသည် ကော်မရှင်သို့ မြို့နယ်စည်းရုံးရေးအမှုဆောင်အမည်စာရင်း လိမ်ညာပြီး တင်သည်ဟူသည့် စွဲချက်နှင့် သူ့အားရုံးတင်မည်ကို ကျနော်တို့ ကြို၍သိထားကြသည်။
အမှန်တော့ လျော့သွားသော မြို့နယ်စည်းရုံးရေးအမှုဆောင် အချို့နေရာတွင် အသစ်ရွေးချယ်သည့် အမှုဆောင်အမည်စာရင်းသစ်အား ကောင်မရှင်သို့ ဥက္ကဋ္ဌအနေဖြင့် လက်မှတ်ထိုးပြီး သူတင်ပြခြင်း
သာ ဖြစ်သည်။ ဤသည်ကို န၀တမှ အမည်စာရင်းနှစ်ခုမတူညီ၍ လိမ်ညာခြင်းဖြစ်သည်ဟူ၍ စွပ်စွဲပြီး ဖမ်းရန်ဖြစ်သည်။ အန်အယ်လ်ဒီ၏ လိုင်းသုံးလိုင်း မဟာဗျူဟာအလွန် န၀တမှ အန်အယ်လ်ဒီအား မြို့နယ်အထိ ထိုးစစ်ဆင်လာသော စစ်ဆင်ရေးဖြစ်သည်။
သူ့သတင်း တိတိကျကျမရဘဲ ကျနော်တို့ ဤအနီးအပါးမှ ထွက်ခွာသွား၍မရ။ မာနယ်ပလောသို့ တက်သွား၍မဖြစ်။ သူ့သတင်းအား တိတိပပ သိရမှသာ ကျနော်တို့ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ် ရမည်။ “စောဖားကလိုး” နှင့်ကျနော်တို့ယာယီနေထိုင်သည့်တဲငယ်သည် မဲနခေါင်းချောင်းရိုး၏ ကမ်းပါးထိပ်တွင်ပင်။ ရိုးချောင်း၏ တဘက်ကမ်းပါးသည် ကျနော်တို့ရှိသည့်ဘက်ထက် နိမ့်သဖြင့် ကျနော်တို့က အပေါ်စီးမှ နေရာယူထားသကဲ့သို့ရှိ၏။ ရေမရှိတော့သော်လည်း ချောင်းရိုးကမ်းပါး စောက်နက်သဖြင့် အလွယ်တကူ တဘက်ကမ်းမှ ကူးမလာနိုင်။ တဘက်ကမ်း၏ ဟိုမှာဘက်တွင်
လည်း ဖုန်းဆိုးတောများသာရှိ၍ မျက်ကွယ်၊ ကျည်ကွယ်ပင်မရ။ ကျနော်တို့က အပေါ်စီးမှကြို၍ တွေ့မြင်နိုင်သည်။
ညနေ သုံးနာရီဝန်းကျင်တွင် ပုံမှန်ညနေစာအား စားကြပြီးဖြစ်သည်။ မနက်ဆိုလျှင်မူ (၇) နာရီခန့် စားကြ၏။ တဲဘေး၌ မိုးကာစအား ဖြန့်ခင်း၍ ဟန်းကောများအတွင်းမှ ထမင်းကိုပုံ၏။ ထို့နောက်... နှမ်းငပိ၊ ပြီးလျှင်... ကျနော်တို့၏ ဟင်းလျာများဖြစ်သည့် ဖားလောင်းနှင့်သရက်သီး။ ကျနော်တို့ အားလုံး ထိုင်၍စားသောက်ကြသည်။ ထမင်းပူပူ၊ ငရုတ်သီးချဉ်ချဉ်နှင့် ဖားလောင်းချွဲချွဲ...။ ချောင်း ကမ်းပါးတဘက် ဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သားတယောက်အား ရိပ်ခနဲတွေ့လိုက်ရသည်။
“ပွိုင့်” ပြေးလာသူဖြစ်မည်။ “စောဖားကလိုး” သည် သူ့ဘေးမှ ကာဘိုင်ရိုင်ဖယ်သေနတ်အားဆွဲပြီး ကမ်းပါးထိပ်ရှိ သစ်ပင်ဘေးသို့ပြေး၍ ၀ပ်လိုက်သည်။ သူ့ရဲဘော် နှစ်ယောက်သည်လည်း သူနှင့် ယှဉ်၍နေရာယူပြီး တဘက်ကမ်းသို့ ကြည့်နေကြသည်။ ကျနော်၏အသိက ကျနော့်အားညွှန်ကြား နေ၏။ နေရာယူရန်...။ သို့သော် ကျနော့်ခန္ဓာကိုယ်က မလှုပ်ရှား...။ ထမင်းဝိုင်းတွင် ထိုင်လျှက်ရှိနေ သေး၏။ တဘက်ကမ်းဖုန်းဆိုးတောမှ နောက်ထပ်လက်နက်ကိုင်စစ်သားများ ပေါ်လာပြန်သည်။ တယောက်၊ နောက်...တယောက်။ ပစ်ခတ်သံကိုမူမကြားရ။ ကျနော်က လှုပ်၍မရသေး။
“လူမှားမယ်၊ လူမှားမယ်၊ “ကျော်ဖားလူ” လူတွေ”
“စောဖားကလိုး” မှ သူ့ရဲဘော်များအား ပြောရင်း သစ်ပင်ကွယ်မှ ပြန်ထလာသည်။ ဤအချိန်အထိ ကျနော်တို့က လှုပ်ရှား၍မရသေး။ ထမင်းလုတ်အား လက်တွင်ဆုပ်လျက်...။ တဘက်ကမ်းမှ ရဲဘော်များ ချောင်းရိုးငယ်အား ကူးလာကြသည်။ ကျနော်တို့ ထမင်းဝိုင်းဘေးတွင်ပင် ထိုင်ကြ၏။ သူတို့ကိုင်သည့် လက်နက်များတွင် န၀တစစ်တပ်မှသုံးသော ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ်များ လည်း ပါသည်။ ယူနီဖောင်းက ညိုပုတ်ပုတ်...။ လက်မောင်းတံဆိပ်မှာမူ မပါ။ “ကျော်ဖားလူ” အဖွဲ့က ကေအန်ယူ၏ဒေသခံ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဖြစ်သည်။ ဤနယ်မြေတွင်တော့ တိုက်ခိုက်ရေးတွင် နာမည်ရသည့်အဖွဲ့ဖြစ်သည်။ “ကျော်ဖားလူ” နှင့် “စောဖားကလိုး” တို့ ကရင်လိုပြောနေကြသည်။ ကျနော်တို့က နားမလည်။ ထမင်းကိုသာဆက်၍ စားနေကြသည်။ ကရင်လိုပြောပြီး “စောဖားကလိုး” က ကျနော့်ကို မြန်မာလိုပြန်ပြောသည်။

“မနက်က အဟုန်းဝနဲ့ မြောက်သူဌေးကုန်းအကြားက တောင်ထန်းတောထဲမှာ အသားဖြူဖြူပိန်ပိန်နဲ့ အသက်လေးဆယ်ကျော်လောက်ရှိတဲ့ လူတယောက်ကို “ကျော်ဖားလူ” တို့အဖွဲ့တွေ့လို့ မေးမြန်း ကြည့်တယ်။ ဘာမှမေးလို့မရဘူး။ နာမည်လည်း မပြောဘူး။ ဒါပေမယ့် လွယ်အိတ်ထဲမှာ အင်္ဂလိပ် စာအုပ်ရယ်၊ မှတ်တမ်းစာအုပ်တအုပ်နဲ့ တိုက်ပုံအင်္ကျီတွေတွေ့တယ်... ။ ဒါနဲ့ ..။

“စောဖားကလိုး” ကသူ့စကားကို “ဒါနဲ့” ရပ်ထား၏. ကျနော်ရင်ထဲထိပ်သွား၏။ ဒါနဲ့ … ဘာဖြစ်”
သလဲ...။
“ဘာမှမေးလို့မရလို့ ဖမ်းပြီး ဗိုလ်မိချောင်းဆီ သွားပို့ခဲ့တယ်”
ဗိုလ်မိချောင်းက ကေအန်ယူတပ်မဟာ (၁) သထုံခရိုင်အုပ်ချုပ်ရေး၏ သထုံမြို့နယ် ဥက္ကဋ္ဌဖြစ်သည်။ ကျနော်တို့က သူ့ထံသို့လည်း ကျနော်တို့ရှာနေသည့်သူ၏ ပုံသဏ္ဍာန်နှင့် အကျိုးအကြောင်းအား ဆက်သွယ်ရေးစက်ဖြင့် အကြောင်းကြားထားပြီးပြီ။ စိုးရိမ်စရာမရှိတော့...။ ကျနော်တို့အမတ်မင်းအား ပြန်တွေ့ပြီ။ ကျနော်တို့သုံးယောက် တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးနိုင်တော့၏။ ဖား လောင်းတကောင်အား ဟန်းကောထဲမှခပ်၍ စားလိုက်၏။ လည်ချောင်းထဲတွင် ချွဲ၍ ၀င်သွားသည်။ ဗိုလ်မိချောင်းတို့က ကျခပ်ချောင်းတောင်ပေါ်တွင် စခန်းချနေကြသည်။
(ဃ)
ဒီကမ္ဘာမှာ စစ်... စစ်၊ စစ်မဖြစ်ရာမြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမှုရှာကာပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ...။
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
ကျခပ်ချောင်းတောင်ပေါ်သို့ရောက်လျှင် တောင်ရိုးအတိုင်းလျှောက်၏။ တောင်ပေါ်ကကြည့်လျှင် ဘီးလင်းမြို့အား လှမ်း၍မြင်ရသည်။ သဲသဲကွဲကွဲမဟုတ်။ ဤအရာကဈေး၊ ဟိုအရာက စာသင်
ကျောင်း၊ ထိုအရာက ဆေးရုံဟူ၍မူ ခွဲခြား၍ရ၏။ တောင်ရိုးပေါ်မှတဆင့် သွယ်ဆင်းသွားသော တောင်နှာမောင်းအတိုင်း ဖဲ့၍ဆင်းကြသည်။ ဤအတိုင်း ဆက်၍ဆင်းသွားပါက ကျခပ်ချောင်းရွာသို့ ရောက်မည်။ ကျနော်တို့က ရွာဆီသို့မသွား...။ ဂငယ်သဏ္ဍာန်ပြန်၍ ကွေ့ပတ်နေသည့် လက်မောင်း သွယ်တောင်ရိုးအတိုင်း လျှောက်ခဲ့၏။ ၀ါးရုံတောများအတွင်းသို့ တိုးဝင်ခဲ့ကြ၏။ လူသွားလမ်းဟူ၍ မတွေ့ရတော့...။ လမ်းဖျောက်ထားသည်လား။ ၀ါးရွက်ကြွေများဖုံးလွှမ်းနေ၍ လမ်းမတွေ့ရတော့ သည်လား မပြောတတ်။
ဝါးရုံပင်အောက်၌ ကေအန်အယ်လ်အေ ရဲဘော်လေးနှစ်ဦး ကင်းစောင့်နေသည်ကို တွေ့ရ၏။
သူတို့နှစ်ယောက်၏ အနောက်ဘက်၌ နောက်ထပ်သုံးယောက်အား တွေ့ရပြန်သည်။ RPG နံပါတ်
(၅) တလက်အား သူတို့ထဲမှ တယောက်က ကိုင်ဆောင်ထားသည်။ ကင်းရှည်ထုတ်ထားသော ကင်းတပ်စိတ် တစိတ်ဖြစ်မည်။ ကျနော်တို့လာမည်ကို ကြိုသိ၍လားမသိ။ သူတို့မည်သို့မျှ မေးမြန်း ခြင်းမရှိ။ ကင်းတပ်စိတ်အား လွန်ခဲ့သည်။ ၀ါးရုံရိပ်များအောက်၌ ကေအန်အယ်လ်အေရဲဘော်များ
အား တွေ့ရ၏။ ဟိုနားတစု၊ သည်နားတစု။ အချို့က ပုခက်ပေါ်တွင် လဲလျောင်း၍ နားနေကြသည်။

ဗိုလ်မိချောင်းတို့နှင့်အတူ သူလည်း ထမင်းစားနေသည်။ကျနော်တို့ သူ့အနားတွင် ၀င်ထိုင်လိုက်ကြ သည်။ ကျနော်တို့အားမြင်၍ သူ့မျက်လုံးသည် ၀င်းလက်၍သွားသည်။ ပြီးလျှင်...။ ကျနော်တို့အား ကြည့်နေသော သူ့အကြည့်က မှုန်မှိုင်းသွားပြန်သည်။ သူ့အကြည့်အား ကျနော်အားမရ။ သုံးလေး ရက်အတွင်းတွင်သူသည် “ချုံ့” ကျသွားသည်။ ပိန်ပါးသော ခန္ဓာသည် အောက်ခံအင်္ကျီမပါသော တိုက်ပုံအင်္ကျီအနက်အောက်၌ သေးငယ်သွားသည်ဟု ထင်မိ၏။ လက်ကောက်ဝတ်နေရာတွင် ကြိုးရာအစင်းကြောင်းသည် ဖြူသောသူ့အသား၌ ထင်နေသည်။ ကျနော်က မျက်လုံးအကြည့်အား လွှဲလိုက်၏။ “ဟ” နေသည့် တိုက်ပုံအင်္ကျီအောက်မှ သူ့၏ရင်သည် မို့လာလိုက်၊ ချပ်သွားလိုက်နှင့် လှုပ်ရှားမှုမြန်နေသည်။
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)

သူနှင့်ပြန်ဆုံပြီဖြစ်၍ ကျနော်တို့၏ ခရီးအား ဆက်ကြရတော့မည်။ မာနယ်ပလောဆီသို့...။ မာနယ် ပလောက တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရက်တစ်အင်အားစုတို့ ပေါင်းဆုံစုစည်းရာအရပ်...။ ပြီးလျှင် စစ်အာဏာရှင်တို့အား လက်နက်ကိုင်တော်လှန်သော ခံတပ်...။ လွတ်မြောက်ရေးတိုက်ပွဲ
တို့၏ လွတ်မြောက်နယ်မြေ။ စစ်တိုက်လေယာဉ်အုပ်စုတစု ပျံသန်းလာသော အသံများအား ဆူညံ စွာကြားရ၏။ PC – 6၊ PC – 7 အမျိုးအစားတိုက်လေယာဉ်များ ..။ ကျနော်တို့အပေါ်မှ ဖြတ်၍ ပျံသန်းသွားကြသည်။ ထွီးပါးဝီးကျိုး၊ နော်တ၊ မယ်ညောခီးနှင့် မာနယ်ပလော လွတ်မြောက်ရေး နယ်မြေများသို့ စစ်အုပ်စုမှ ထိုးစစ်ဆင်ရန် ပျံသန်းသွားကြခြင်းဖြစ်သည်။ န၀တက ပြည်တွင်းစစ်အား လေကြောင်းမှပင် စစ်ဆင်၍ တိုက်နေကြပါပကောလား။ ။

Read More...

အချစ်ပန်းကလေးတွေ ဝေနေပြီ ရဲဘော်

တမာခင်

ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာ အချစ်ပန်းလေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေရာ အရပ် ရှစ်မျက်နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်းတောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်ကြို တောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာတော့ ခမ်းတောက်ဖူးဝါဝါလေးတွေက အပြွတ်လိုက်အခိုင်လိုက် သင်္ကြန်အလွမ်းပြေ ပိတောက် ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲမှာတော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်းဝါဝါလေးတွေကလည်း ပုန်းလျိုးကွယ်လျိုးနဲ့။

ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေ အတွက် လွမ်းသူပန်းခွေလှလှလေးတွေ လုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေ တင်ခဲ့ ကြတာ။

ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသားတပ်မတော် ရဲဘော် ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါသုံးစွဲခဲ့ကြတယ်လေ။
ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။
----------

“ဝုန်း”
“ရဲဘော်မျိုးမြင့်အောင် မိုင်းနင်းမိလို့တဲ့”။ စခန်းတခုလုံး တောမီးပမာ ပံျ့သွားခဲ့တယ်။ ရဲဘော်ရဲမေတွေ မိုင်းသင်တန်းကွင်း ရှိရာ ပြေးလွှားသွားကြတယ်။ ထမ်းစဉ်ပေါ်အမြန်တင် လေးယောက်တဆိုင်း အလှည့်ကျထမ်းရင်း လေးဆယ့်ငါးမိနစ် လောက်သွားရတဲ့ ရှားဟော့ပန်နားက ကေအိုင်အေဆေးရုံကို အပြေးအလွား ပို့ခဲ့ကြတယ်။ တနာရီအတွင်းမှာပါပဲ။ တတောက်တောက်နဲ့လမ်းလျှောက်တတ်စ သားငယ်ကိုကြည့်ပြီး အမေသဘောကျ ဂုဏ်ယူခဲ့တဲ့ ခြေထောက်လေးနှစ်ဘက် ဟာ ပေါင်ရင်းကနေ၊ အခုနေ အမေများတွေ့ခဲ့ရင်ဖြင့် ...။

“ကျနော့်ကို ပစ်သတ်ပေးကြစမ်းပါ။ ကျနော် မနေချင်တော့ဘူး”
“အားတင်းထားစမ်းပါ ရဲဘော်၊ မင်းဘာမှမဖြစ်ဘူး မင်းဘေးမှာ ရဲဘော်ရဲမေတွေ အများကြီးရှိတယ်”
“ပစ်သတ်လိုက်ပါတော့၊ ကျနော် တကယ်မခံစားနိုင်တော့လို့ပါ” တချက်တချက် ပေါ်လာလိုက် တချက်တချက်ဖျော့တော့ တိုးဝင်သွားလိုက်နဲ့ အရုဏ်တက်ချိန်လောက်မှာတော့ ရဲဘော်ရဲ့ ဆန္ဒပြည့်ဝသွားလို့ထင်ပါရဲ့ အပြစ်ကင်းစင်လှတဲ့ လူငယ်လေးတယောက် အိပ်မောကျနေသလိုပါပဲ။ အခုလောက်ဆို အိမ်ကိုမပြန်နိုင်တော့တဲ့ ရဲဘော်ရဲ့ကိုယ်စား အိမ်ပြန်ချင်နေရှာတဲ့ ဝိညာဉ်လေးက အသော့နှင်ရင်း အေးမြတဲ့ မိခင်ရင်ခွင်ဆီ ပြေးဝင်ခိုလှုံဖို့ အိမ်တံခါးတွေကို တဝုန်းဝုန်းနဲ့ လှုပ်နိုးနေကြရောပေါ့။
ရဲမေတွေကတော့ တောစပ်နားက တောရိုင်းပန်းလေးတွေကို ခူးယူနေကြရပြန်ပြီပေါ့ ရဲဘော်။ သူတို့ချစ်တဲ့ရဲဘော်အတွက် လွမ်းသူ့ပန်းခွေလေးတွေကို တောရိုင်းပန်းလေးတွေနဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ပြုလုပ်ကြလိမ့်အုံးမယ်လေ။
----------

တပ်မဟာ (၃) ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ဒေသတွေဟာ ကျောင်းသားတပ်မတော် (မြောက်ပိုင်းဒေသ)ဗန်းမော်ဒေသခံ ကျောင်းသားတွေ စည်းရုံးရေး အပိုင်ဆင်းထားတဲ့ နယ်မြေတွေမို့ စစ် သင်တန်း ပေးထားပြီးသား ပြည့်သူ့စစ်တွေလည်းရှိကြပါတယ်။ တခါ တလေမှာတော့ သူတို့မွေးထားတဲ့ ကြက်မတမ်းလေးတွေ အစုံလိုက် အစုံလိုက်ထမ်းရင်း တပ်ရင်းထိ ရောက်လာတတ်ကြပါသေးတယ်။ တပတ်တခါလောက် အနီးပတ်ဝန်းကျင် ရွာလေးတွေမှာ တတောင်တက် တတောင်ဆင်း တနေကုန်တနေခမ်း ခြေတိုအောင် ဟင်း ရှာထွက်လေ့ရှိကြတဲ့ ရဲဘော်ရဲမေတွေကို မွေးရင်းပွားရင်း စားစေ ချင်ကြတဲ့ စေတနာတွေနဲ့ပါ။

တခါကဆို ကေအိုင်အေ တော်လှန်ရေးနေ့ အကြီးအကျယ် ကျင်းပချင်တယ်ဆိုတော့ ပြည်သူ့စစ်တွေဖြစ်ကြတဲ့ မအူပင်ကအငြိမ့် တဖွဲ့ကို ကျောင်းသားတပ်က ခေါ်ပေးခဲ့ပါတယ်။ မကြည့်ရတာ ကြာလှပြီဖြစ်တဲ့ မင်းသမီးဝတ်စုံ လက်လက်တောက်တောက်တွေနဲ့ အငြိမ့်ကတာကို တောတွေတောင်တွေထဲမှာ ပြန်ကြည့်ကြရတော့ ခံစားမှုက ထူးထူးဆန်းဆန်းတမျိုးကြီးပါပဲ။ ဝါသနာပါတဲ့ ကျောင်းသားတွေက လူပျက်တွေဝင်လုပ်လို့ပေါ့။ အဲဒီအငြိမ့်အဖွဲ့လည်း ပြန်သွားရော၊ မကြာပါဘူး သတင်းရတာနဲ့လိုက်ဖမ်းလို့ အငြိမ့် တဖွဲ့လုံး တောထဲပြန်ပြေးဝင်လာခဲ့ကြရတယ်။ အဲဒီကစပြီး နှစ်တိုင်း အငြိမ့်ကြည့်ရတော့တာပါပဲ။
စပါးရိတ်သိမ်းချိန်မျိုးမှာ ဗန်းမော်တပ်ရင်းနဲ့သိပ်မဝေးတဲ့ အမာခံရွာတွေကို တရွာပြီးတရွာ စစ်ကြောင်းလှည့်လည်သွားကြ တာ လနဲ့ချီပြီးကြာပါတယ်။ ဝါဒဖြန့်ချိရေးအဖွဲ့က ရဲဘော်ရဲမေတွေ က ဂစ်တာတွေကိုယ်စီထမ်း ကျောင်းသားသီချင်းတွေ ဆိုကြ၊ ကကြ၊ တီးကြမှုတ်ကြနဲ့ စည်းရုံးရေးဆင်း၊ ဆေးတပ်ဖွဲ့က ဆေးဆရာ ဆရာ မတွေက တအိမ်ဝင်တအိမ်ထွက် ဆေးလိုက်ကုလို့၊ ကျန်တဲ့သူတွေ က လယ်ထဲဆင်း စပါးရိတ်ပေါ့၊ လယ်ကွက်ထဲရောက်မှ တံစဉ်ကို ဘယ်လိုယူ ဘယ်လိုကိုင် ဘယ်လိုရိတ်နဲ့ တတ်သိနားလည်ပြီးသား ရဲဘော်ရဲမေတွေက ပြပေးကြရင်း လုပ်ငန်းစကြပါတယ်။ လူအင်အား နဲ့ဆိုတော့ လယ်ကွက် တကွက်ပြီးတကွက် ဘာမှ မကြာလိုက်သလို ပါပဲ။

အစပထမတော့ စပါးရိတ် မလိုက်ကြရမှာ စိုးရိမ်နေကြတာ ပေါ့၊ ဘယ်သူမှ အစောင့်ချန်မနေခဲ့ချင်ကြဘူး။ လယ်ကွက်တကွက်ကနေ နှစ်ကွက်၊ နှစ်ကွက်ကနေ သုံးကွက်လောက်လဲရောက်ရော ကျင့်သားမရတဲ့ ခါးတွေက နာလာပါတော့တယ်။ စပါးရိတ်နေရင်းနဲ့ မခံနိုင်တော့တဲ့အခါ ခဏရပ်လိုက် ကိုယ်ဝန်ဆောင်တွေလို လက်နှစ် ဘက်နဲ့ ခါးကိုထောက်ရင်း ဖိချလိုက် နှိပ်ချလိုက်ကြ ပြန်ရိတ်လိုက် ကြနဲ့ပေါ့။ ငါးကွက်လောက်မှာတော့ တဆင့်တိုးလာပါတယ်။ ခါး မကုန်းနိုင်ကြတော့လို့ ငုတ်တုတ်လေးတွေ ထိုင်ရိတ်တဲ့သူက ရိတ်နေ ကြပါပြီ။ ကျင့်သားရနေပြီးသား ရဲဘော်ရဲမေတွေ ကျတော့လည်း ဘာမှမဖြစ်သလိုပဲ သန်မှသန် မြန်မှမြန် တကယ့်ပြည်သူပြည်သား တွေရဲ့ သားသမီးတွေပါပဲ။

လယ်ပိုင်ရှင်တွေကျွေးတဲ့ နေ့လယ်စာ ကောက်သစ်ဆန် မွှေးမွှေးလေးရယ် ငါးကြော်တကောင် ဒါမှမဟုတ် ကြက်သားတတုံး ဒါမှမဟုတ် ဝက်သားတတုံး ပင်ပင်ပန်းပန်းနဲ့ စားလိုက်ကြတာလည်း မြိန်မှမြိန်ပါပဲ။ တပ်ရင်းမှာ မရနိုင်ကြတဲ့ နတ်သုဒ္စါလေးတွေပဲပေါ့။ ခါးနာတာတောင် ပျောက်သွားသလိုပါပဲ။ အားသစ်တွေပြန်ရ ပြန်စနဲ့ ဒီလိုနဲ့ တရွာဝင်တရွာထွက်ပါပဲ။ ညနေစာကတော့ ကိုယ်တည်းတဲ့ အိမ်မှာ တပ်စိပ်အလိုက် ထင်းခွေ၊ ရေခပ်၊ ဟင်းရှာ ကိုယ့်ဘာသာ ကိုယ်ချက်စားပေါ့။ စားပြီးတာနဲ့ ရွာထဲလျှောက်လည် တည်သီးတွေ ဝါထိန်နေအောင်သီးနေတဲ့ အိမ်လေးတွေတွေ့ပြီဆိုရင် “အနူး လငိုင် လခေါင်း ဂျော့ရှားနာအီးရော၊ အမေ တလုံးနှစ်လုံး ပေးစားပါနော်” ဝင်တောင်းကြ၊ ခူးစားကြ ရွာသားတွေကလည်း အမှန်တကယ် လုပ်အားလိုအပ်နေတဲ့အချိန် လာကူပေးကြတဲ့သူတွေမို့ ကြည် ကြည်ဖြူဖြူနဲ့ဆိုတော့ ပျော်စရာကြီးပါပဲ။
တပ်ရင်းနဲ့ ဝေးတဲ့ရွာတွေမှာတော့ ရွာသားတွေနဲ့အတူ စပါးကူစိုက၊် ကူရိတ်ပေးရင်းနဲ့ တဘက်က ကိုယ့်တာဝန်ကျရာ ထမ်းဆောင်နေတဲ့ ရွာသူရွာသားလို ပုံမှားရိုက်ပြီး နေထိုင်ကြရတဲ့ ရဲဘော်ရဲမေတွေ တရွာမှာ နှစ်ယောက်လောက် အလှည့်ကျရှိနေ တတ်ကြပါတယ်။ ရဲဘော်တွေကတော့ မရေနိုင်ပါဘူး။ ရဲမေတွေ ထဲမှာတော့ ရဲမေသီတာခိုင်၊ ရဲမေမစိန်၊ ရဲမေမစန္ဒာ၊ ရဲမေမငွေ၊ ရဲမေ မမူ၊ ရဲမေအေးအေးသန်း၊ ရဲမေအေးမိစံတို့ဟာ အဲဒီလိုတာဝန်တွေ ကို ယူခဲ့ကြရသူတွေပါ။ လိုအပ်ရင် လယ်ကွင်းထဲက ထွက်ပြီး ငါးပိ ငါးခြောက်တွေ ပြည့်သိပ်နေတဲ့ခြင်းကြီးတွေကြားမှာ တာဝန်အရ သယ်ရမယ့်ပ္စည်းလေးတွေ ကြားညှပ်ရင်း ပလိုင်းကြီးတွေ ခေါင်းညွတ် တဲ့အထိ ရွက်ပြီး စွန့်စွန့်စားစားနဲ့ ရွာစဉ်လျှောက်ကြရတဲ့ ရွာသူ လုံမပျိုလေးတွေပေါ့။
ရဲမေမငွေနဲ့ ရဲမေနန်းစောတို့ရဲ့မိခင်တွေဆို မဆီမဆိုင် သမီးတွေအတွက်နဲ့ အဖမ်းခံခဲ့ကြရပါသေးတယ်။ ရဲမေမငွေရဲ့ အမေဟာ တကယ့်အရိုးခံ ရွာသူမကြီးပါ။ သူ့ကို စစ်တော့မယ်ဆိုရင် သေးပါချင်သလို ချေးပါချင်သလိုတွေဖြစ်ပြီး “နင့်သမီးလာလား” ဆို အကြောက်ကြောက်အလန့်လန့်နဲ့ လာတယ်ဖြေလိုက်၊ မလာ ဘူးဖြေလိုက်၊ “ဘယ်နေ့ကလဲ”ဆို စာကလည်းမတတ်တော့ ကြောက်ကြောက်နဲ့ပဲ ပါးစပ်ထဲတွေ့ရာ ယောင်ရမ်းဖြေ၊ တခါဖြေရင် တမျိုး၊ နောက်တခါဖြေရင် တမျိုးဖြစ်နေတော့ တမင်လိမ်ပြောတာ ထင်ပြီး နှိပ်စက်တာ တော်တော်လေး ခံလိုက်ရပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် သမီးနှစ်ယောက်နဲ့ပတ်သက်ပြီး အမေနှစ်ယောက်ကတော့ ထောင်ထဲမှာပဲ မိတ်ဆွေတွေ ဖြစ်သွားကြလေရဲ့။
---------

ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း (၆၆၆၇)မြင့်တဲ့ လိုင်စင်တောင်တန်း ကျောင်းသားတပ်မတော်မြောက်ပိုင်း (ဗဟို) ဟာ ရေခဲတဲ့အထိ အလွန်ချမ်းatးလှပါတယ်။ ရောက်စကဆို နေရောင်တောင် မမြင်ရပါဘူး။ တနေ့လုံးနီးပါး မြူနှင်းတွေကျနေ တတ်လို့ လှမ်းမြင်နေရသူ ဘယ်သူရယ်လို့မကွဲပြားသလို အမြဲ တမ်းလိုလိုလည်း မီးဖိုထားကြရပါတယ်။ တပ်စခန်းထဲက ဘယ် အဆောင်ကိုပဲသွားသွား မီးဖိုဘေးမှာပဲ မီးလှုံရင်း စကားပြောကြရပါတယ်။ ဘယ်လောက်တောင် ဖြစ်သွားကြလဲဆိုရင် ဘယ်ရဲဘော် ရဲမေမဆို မီးဖိုဘေးမှာထိုင်မိတာနဲ့ မီးမရှိလည်း လက်တွေကအကျင့် ပါပြီး မီးလှုံသလိုဖြစ်နေကြတော့တာပါ။

ရဲမေတွေဆို လစဉ်လာနေကျရာသီပန်းလေးတွေတောင် ပုံမှန်မပွင့်နိုင်ကြတော့လို့ သွေးဆေးနဲ့အရက်ရောထားတဲ့ ဆေးပု လင်းလေးတွေ ကိုယ်စီဆောင်ထားကြရပါတယ်။ တလတခါ ခွေး သားနဲ့ အရက်တပက်ကို ကျန်းမားရေးအရ တန်းစီလူစစ်ပြီး ဆေး တိုက်သလို မသောက်မနေရ သောက်ခိုင်းရတဲ့အထိပါပဲ။

ညညဆို ရဲမေဆောင်ရဲ့မီးဖိုပတ်ပတ်လည်မှာ ဂလူးကို့စ် အားဆေးသွင်းတဲ့ ပုလင်းလွတ်တွေကို ရေဖြည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားတဲ့ ရေနွေးပုလင်းတွေက ပတ်လည်ဝိုင်းနေတတ်ပါတယ်။ ပွက်ပွက်ဆူပြီဆို တယောက်နှစ်ပုလင်းစီ ယူသွားကြပြီး လက်မှာ တပုလင်းကိုင် ခြေထောက်မှာ တပုလင်းထားရတဲ့ စောင်တထည်စီကို နှစ်ထပ်ထပ် နှစ်ယောက်ပေါင်းအိပ်ကြမှ အိပ်လို့ပျော်ပါတယ်။ ဒါတောင် သန်းခေါင်မတိုင်ခင်ပဲ အပူဓာတ်ကခံပါတယ်။ အဲဒီအချိန်ဆို ပြန်နိုးလာတတ်ကြပါသေးတယ်။ မနက်ရောက်ရင် မျက်ခင်းစိမ်းစိမ်း လေးတွေပေါ်မှာ ရေခဲတွေက အချပ်လိုက်ပါပဲ၊ စားဖိုတာဝန်ကျသူ တိုင်း မီးအရင်မွှေးကြရပါတယ်။ ထမင်းအိုး၊ ဟင်းအိုးတွေထဲ ရေတွေ ခဲနေတာကို အရင်ပျော်အောင်လုပ်ပြီးမှ ဆေးကြောရ ပြန်ချက်ကြရ ပါတယ်။

တခါကဆို နှင်းတွေအပွင့်လိုက်အဆုပ်လိုက် မိုးရွာသလို တဖွဲဖွဲတသဲသဲကျနေလိုက်တာများ မြေပြင်ပေါ်မှာတထွာလောက် ထူမယ်ထင်ပါတယ်။ သစ်ပင်ပေါ်တွေ၊ အဆောက်အအုံပေါ်တွေ၊ မြေကွက်လပ်မကျန်ပါဘူး။ မြင်မြင်သမျှ ဖွေးဖွေးလှုပ်နေတာပါ။ အဲဒီအထဲမှာပဲ စစ်ရေးပြသင်တန်း မောင်းချသွားခဲ့ကြတာပါ။ ကြွက်၊ ခြင်၊ ယင်၊ ဘာဆိုဘာမျှမရှိသေးပါဘူး။ နောက်မှ လူတွေများလာ တော့၊ သစ်ဝါးတွေပြုန်းတီးလာပြီး၊ နေရောင်လည်း မြင်လာရသလို ºကက်၊ ခြင်၊ ယင်တွေပါ ရောက်လာကြတာပါ။ အဲသလောက် ခိုက်ခိုက်တုန်အောင် ချမ်းအေးရတဲ့အထဲ အပတ်စဉ် (၁)သင်တန်း သားတွေဟာ ညစဉ်ညတိုင်း လက်ချာဟောဝင်ကြရပါတယ်။

“ကြက်ကလေး ချီးတစ်”
အသက်ကလည်းငယ်သေး လူပုံကလည်း ပုကွကွဂင်တိုတို နဲ့ လူ့ဖလံလေး၊ စောင်အကြီးကြီး ရစ်ပတ်ခြုံထားတဲ့ကြားက နှာရည် က တရှုံ့ရှုံ့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ကြက်ကလေးချီးတစ်သလို ညစဉ် လက်ချာဟောထဲ ဝင်လာလေ့ရှိတဲ့သူ့ကို နိုင်ငံရေးသင်တန်းဆရာက အဲဒီလို နာမည်ပေးရာကစပြီး အားလုံးက ချစ်စနိုးလိုက်ခေါ်ကြရင်း နဲ့ တွင်သွားတဲ့နာမည်လေးပါ။ သင်တန်းမှာတုန်းကတော့ အသက် ကလည်းငယ် လူကလည်းသေးနဲ့ ဘာကိုမှ ခံနိုင်ရည်မရှိသေးတဲ့ ရဲဘော်ငယ်လေး တယောက်ပေါ့။ နာမည်ပြောင်တွေပဲ ခေါ်ကြတာများလို့ တချို့ဆို နာမည်အရင်းတောင် မသိကြတော့ပါဘူး။

နာမည်ရင်းက ရဲဘော်မျိုးကိုကိုပါ။ ဇာတိက မိုးညှင်း-နမ္မား မြို့ငယ်လေးက၊ မိဘနှစ်ပါးစလုံးက စာတိုက်ဝန်ထမ်းတွေ၊ ဗန်းမော် ခရိုင် မန်စီမြို့နယ် မန်ဝိန်းဒေသ ကချင်တပိုင်း ရှမ်းတပိုင်းရွာလေးမှာ ရွာသားတွေကြား နေထိုင်သွားလာရင်း အထက်မှာဖော်ပြခဲ့တဲ့ တာဝန်မျိုးတွေ ထမ်းဆောင်နေတဲ့ ရဲဘော်တဦးပါ။ ရွာထဲကအိမ် ရဲဘော်တွေရဲ့အိမ်။ ရွာထဲကမိဘ ရဲဘော်တွေရဲ့မိဘ။ ရွာထဲက ညီအကို မောင်နှမ ရဲဘော်တွေရဲ့ ညီအကိုမောင်နှမ သဘောမျိုး နေလာခဲ့ကြတာပါ။ ရွာသားတွေကလည်း အားကိုးကြသလို ကိုယ့်သားသမီးလေးတွေလိုပဲ သဘောထားကြပါတယ်။ တနေ့မှာတော့ ...။

ဒီလမ်းလေးတွေက သူနဲ့မစိမ်းကြ၊ ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းကလေးတွေပဲမဟုတ်လား။ “အော် အီးအီး အွက်”ဟော ကြက်တွန်သံတောင် ကြားနေရပြီ၊ ဒါ ရွာနဲ့နီးလာပြီဆိုတဲ့သဘော ရဲဘော်တိုင်းနောကြေပြီးသား၊ မရောက်တာ အတန်ငယ်ကြာနေပြီ ဖြစ်တဲ့ ရွာလေးဆီကို ခြေလှမ်းသွက်သွက်နဲ့ လှမ်းလာခဲ့တယ်။ အင်း ... ငါ့ကိုမြင်တာနဲ့ “ဒီတခေါက် ပျောက်သွားတာ ကြာလိုက်တာလို့” အပြစ်တင်ကြလိမ့်အုံးမယ်။
မွေးမိခင်ရဲ့အိမ်လေးဆီ ပြန်ခွင့်မရသေးပေမဲ့ ပြန်စရာကျွေး မိခင်ရဲ့အိမ်လေး ကိုယ်စားရှိနေတာကိုပဲ သူကျေနပ်လို့မဆုံးပါဘူး။ အဘနဲ့အမေက အသက်ကြီးမှ အိမ်ထောင်ကျကြတော့ သားသမီး မရတော့ဘူး ထင်နေတဲ့ကြားက ညီမလေးကိုရခဲ့ကြတယ်။ လိုအပ် တာလေးတွေ ကူညီလုပ်ကိုင်ပေးတတ်တဲ့ သူ့ကိုတော့ သူတို့ရဲ့သား ကြီးတဲ့လေ။ ညီမလေးကလည်း အကိုတယောက်ကောက်ရသလို ပါပဲ။ ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက်သွားသလို ခံစားမှုမျိုးနဲ့နွေးထွေးမှုတွေ ပေးတတ်တဲ့အိမ်လေးဆီ အရင်ခြေဦးလှည့်လိုက်မိတယ်။
မရောက်တာကြာလို့ပဲလား၊ သူ့စိတ်က ထင်လို့ပဲလားမသိ၊ အိမ်လေးဆီက ခါတိုင်းလို ဘာလုပ်ရှားသံမှမကြားရ၊ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်လို့ပါလား။ ဘာပဲဖြစ်ဖြစ် ငါ့ကိုမြင်ကြရင်တော့ ဝမ်းသာသွားကြမှာပါ။

“အဘရေ ... အမေရေ”
“သြော် ... ဘယ်တုန်းက ပြန်ရောက်နေလဲ”
“အခုပဲ အဘ ဒီကိုတန်းဝင်လာတာ”
“အေး ... အေး ... ထိုင်”
ခါတိုင်းတွေ့လိုက်တာနဲ့ “ဟဲ့ ... ထမင်းစားခဲ့ပြီလား၊ ဘယ်ကစားခဲ့တာလဲ၊ ဟိုမှ မုံည‡င်းပေါင်းထားတာရှိတယ် စားသွား” ဆိုပြီး မီးဖိုချောင်ဘက် မေးလေးငေါ့ပြတတ်ခဲ့တဲ့ အမေဟာ သူ့ဘက် တချက်သာလှည့်ကြည့်လာပြီးနောက် ပြန်လှည့်သွားရင်း ဆေးပေါ့ လိပ်သာ တွင်တွင်ဖွာနေပါတယ်။
“ဟေ့ ... မင်းတို့ကျောင်းသားတွေ အခြေအနေဘယ်လိုလဲ၊ ဘယ်သူဘယ်ရောက်နေလဲ၊ အခု ဘာတွေလုပ်နေကြလဲ” သိချင်တာ တွေ တရစပ်မေးမြန်းလေ့ရှိတဲ့ အဘကလည်း ငူငူငိုင်ငိုင်ကြီး ထိုင်လို့။ ခါတိုင်းနဲ့မတူတာတော့ အမှန်ပါပဲ။

ပိုပြီးထူးခြားစေတာက “ဟာ ... အကို ဘယ်တုန်းက ရောက်နေတာလဲ မနက်ကျ ပြန်လာခဲ့အုံး အကိုóကက်တဲ့ ဝဥသုတ် ထားပေးမယ်”လို့ ပြောဆိုနေကြ ညီမလေး ခမ်းဆာရဲ့ ဝဲတဲတဲ ဆာတာတာ အသံလေး လုံးဝပျောက်ဆုံးနေတာပါပဲ။

“အမေ ခမ်းဆာရော”ဆိုတော့ အဘကို မေးငေါ့ပြလိုက် တယ်။ အဘက “လာ ... လိုက်ခဲ့”တဲ့။ “ခမ်းဆာက အဘတို့နဲ့ အတူမနေ တော့ဘူးလား”ဆိုတော့ “မနေတော့ဘူး”တဲ့ ခေါင်းရမ်း ပြတယ်။ “ဘာဖြစ်လို့လဲ အဘ”ဆိုတော့လည်း အဖြေမပေးဘူး။ ခေါင်းကြီးငိုက်စိုက်နဲ့ ခြေလှမ်းကြဲကြီးလှမ်းနေတဲ့ အဘနောက်ကို အပြေးလိုက်ခဲ့ရပေမယ့် သူနားမလည်နိုင်တော့ဘူး၊ ဘာတွေဖြစ်နေ ကြတာလဲ။

ရွာစွန်ရွာဖျားကို ကျော်လာလို့ တောလမ်းလေးဘက် ချိုးကွေ့လိုက်တဲ့အချိန်မှာ သူ သဘောပေါက်လိုက်ပါပြီ။ မြေပုံများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် မခြောက်သေးတဲ့ မြေပုံမို့မို့လေးတခု၊ ခမ်းဆာ၊ အသက် (၁၅)နှစ်တဲ့။
သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းလာကြပါတယ်။ မြန်လိုက်တာ ညီမလေးရယ်၊ မယုံနိုင်စရာပါပဲ၊ အကိုတပ်ရင်းကို ပြန်သွားတာ ဒီလောက်လည်း မကြာလှသေးပါဘူး။ ငယ်ငယ်လေးနဲ့ အသေစောလှချည်းလား ညီမလေးရယ်။

“ဘယ်လိုဖြစ်ရတာလဲ အဘရယ် ညီမလေးက ဘာရောဂါနဲ့ ဆုံးသွားခဲ့ရတာလဲ”
“ဘာရောဂါ ... ဟုတ်လား၊ ဘာရောဂါမှမဟုတ်ဘူး ဟိုခွေး မသားတွေ ဟိုခွေးမသားတွေကြောင့် ...”ဆိုပြီး အဘဟာ အသံ အက်အက်ကြီးနဲ့ စကားတောင် မဆက်နိုင်ရှာတော့ပါဘူး။ ရှိုက်ကြီး တငင် ချုံးးပွဲချငိုပါတော့တယ်။

“ကြည့်စမ်းပါအုံး နှမချင်းမစာနာ ရက်စက်လိုက်ကြတာ ဗျာ၊ ကလေးစိတ်တောင် မပျောက်သေးတဲ့ ညီမလေးခမ်းဆာကို ထင်းခွေအပြန် ခြုံထဲဆွဲခေါ်ပြီး နအဖ စစ်ဗိုလ်တယောက်က မုဒိန်း ကျင့်လွှတ်လိုက်သတဲ့။ ညီမလေးဟာ ခွေထားတဲ့ထင်းစည်းလေး တောင်မယူနိုင်တော့ပဲ ကြောက်အားလန့်အား ငိုကြီးချက်မနဲ့ အိမ်ကိုပြန်ပြေးလာခဲ့တယ်။ အမေကို တင်းတင်းဖက်ထားပြီး ရှိုက်ကြီးတငင် ငိုနေတာကလွဲပြီး ဘာမှမေးလို့လည်းမရဘူး။ ငိုရတာ မောလွန်းလို့ တိတ်သွားတဲ့အချိန်မှာလည်း မျက်လုံးလေးပြူး ကြောင်ကြောင်နဲ့ ဟိုကြည့်ဒီကြည့် အထိတ်ထိတ်အလန့်လန့်နဲ့ ဖြစ်နေရှာသတဲ့။ မနက်ရောက်တော့ စာရွက်အစုတ်ကလေးတရွက်ပေါ်မှာ အဖြစ်အပျက်တွေကို စာလုံး ပေါင်းတတ်သလို ပေါင်းပြီး ရေးတတ်သလို ခဲတံလေးနဲ့ရေးထားခဲ့တဲ့ ညီမလေးရဲ့စာတိုလေးကို တွေ့လို့လိုက်ရှာကြတော့ လယ်အနီး တောစပ်ထဲကသစ်ပင်ကြီး တပင်အောက်မှာ ကြိုးဆွဲချသေနေတဲ့ ညီမလေးအလောင်းကို တွေ့ကြရသတဲ့”။

“တောက် ... ဟို ခွေးမသားတွေကြောင့် ဟို ... ခွေးမသား တွေကြောင့်”လက်သီးတင်းတင်းဆုပ်ထားတဲ့ကြားက သူ့တကိုယ် လုံးတုန်တက်သွားပါတယ်။ သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ မျက်ရည်တွေကတော့ တပေါက်ပေါက်နဲ့ သူ့ပါးပြင်ပေါ်မှာ တလိမ့်လိမ့် စီးဆင်းနေကြပါတယ်။ စီးချင်သလောက်သာ စီးကျပါစေ သူ မသုတ်လိုတော့။
“အကိုတို့က ဒီမိုကရေစီကျောင်းသားတွေပဲ၊ ဒီမိုကရေစီ ရရင် အကိုတို့က ကိုယ့်အိမ်ကို ကိုယ်ပြန်သွားကြမှာပါ၊ အဲဒီကျတော့ ခမ်းဆာတို့ကို သတိတောင် ရမှာမဟုတ်ပါဘူး”
“ဘယ်ဟုတ်မလဲ၊ ဒီမိုကရေစီရလို့အိမ်ပြန်ရရင်တောင် ဒီနေရာတွေကိုတော့ မရောက်ရောက်အောင် ပြန်လာလည်အုံးမှာပဲ၊ အဲဒီကျတော့ အဘတို့အမေတို့ ခမ်းဆာတို့ကို အကိုတို့ဆီ တလှည့် အလည်ပြန်ခေါ်သွားမှာပေါ့”
“တကယ်”
“တကယ်ပေါ့ အဲဒီကျ အကိုတို့ဆီက မုန့်ညှင်းပေါင်းတို့၊ ဝဥသုတ်တို့ တလှည့်ပြန်ကျွေးမှာပေါ့”ဆိုတော့ သဘောကျပြီး ရယ်နေလိုက်တာ ပါးလေးတွေ ရဲတွတ်ပြီး မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ပိတ်သွားတဲ့အထိ။
ခါတိုင်း ပင်ပန်းနွမ်းနုယ်လာတဲ့အရှိန်နဲ့ တုံးခနဲအိပ်ပျော်သွား တတ်ခဲ့တဲ့သူဟာ သူ့ကိုအားကိုးတတ် အထင်ကြီးတတ် နွဲ့ဆိုးဆိုး တတ်တဲ့ညီမလေး ခမ်းဆာရဲ့မျက်နှာလေးကို မြင်ယောင်နေရင်းနဲ့ သာ မိုးစင်စင်လင်းခဲ့ပါပြီ။
----------

ဒီနေ့ကတော့ မန်ဝိန်းဈေးနေ့လေးတနေ့ပေါ့။ တပ်ကုန်း စခန်းပေါ်မှာနေတဲ့ ဒီစစ်ဗိုလ်ကောင်ဟာ ဒီဈေးနေ့ကိုတော့ သေချာပေါက် လာတတ်တယ်ဆိုတာ သူစုံစမ်းထားပြီးသား။ တပ်ကုန်းစခန်း ဘက်ကို ခွဲထွက်သွားတဲ့လမ်းဟာ အများပြည်သူမသွားတဲ့ ဒီခွေး မသားတွေ မဖြစ်မနေဖြတ်ရမယ့် အသေချာဆုံးလမ်းပဲ။ ဟုတ်တယ် ဒီလမ်းဟာ မင်းတို့နဲ့အသင့်တော်ဆုံးပဲ။

ဒါပေမယ့် ငါလိုချင်တာ ငါ့ညီမလေးကို မုဒိန်းကျင့်သွားတဲ့ ဟိုစစ်ဗိုလ်ကောင်ကိုပဲ။ ချိန်ကိုက်မိုင်းဆို မသေချာဘူး၊ ဒီကောင့် မမိဘဲ တခြားကောင်တွေမိသွားရင် နောက်တခေါက်ဆို သတိထားကြတော့ မယ်။ လုပ်ဖို့မလွယ်တော့ဘူး။ အဲဒီတော့ ဒီကောင်အလာ သေချာ အောင်စောင့်ပြီး ဆွဲမိုင်းကိုသုံးတာပိုကောင်းတယ်။ ဆွဲမိုင်းသုံးရင် တော့ ငါ့အတွက် အန္တရာယ်ကြီးတယ်၊ ဒါပေမယ့် ငါ့ကို အထင်တကြီး အားကိုးနေတတ်တဲ့ ညီမလေး ခမ်းဆာ၊ ငါ့ညီမလေး။ ဟုတ်တယ် ငါ့ညီမလေးအတွက် ငါလုပ်ကိုလုပ်ရမယ် ခွေးမသားကောင် ... တောက်။
တပ်စခန်းက အထွက်တင်ပါပဲ။

“ဝုန်း”ဆို ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ဈေးနေ့ကို ထွက်လာကြတဲ့ စစ်ဗိုလ်ကောင်၊ တပ်ကြပ်ကြီးနဲ့ စစ်သားတချို့ လေထဲကို လွင့်စင်မြောက်တက်သွားကြပါတယ်။ တပ်ကြပ်ကြီးကတော့ ပွဲချင်းပြီးပါပဲ။ စစ်ဗိုလ်ကောင်နဲ့ ကျန်တဲ့သူတွေလည်း ဒဏ်ရာ အကြီးအကျယ် ရသွားကြလေရဲ့။ ငါ ပွဲချင်းပြီးစေချင်တာက ဟိုခွေးမျိုး စစ်ဗိုလ်ကောင်ကို ... တောက်၊ ဒါပေမယ့် ဒီကောင်လည်း အနှေးနဲ့ အမြန်ပါပဲ သေမှာ၊ မှတ်ထား ခွေးမသားကောင်။ ငါ့ညီမလေးကို စော်ကားအုံး။

ရန်သူဟာ ပျားတုတ်ခံရသလိုပါပဲ။ အခံရ ပိုခက်သွားတာက သူတို့ တပ်ကုန်းအထွက်မှာတောင် လာပြီး မိုင်းထောင်ဝံ့တာကိုပါ။ အထက်ကများသိခဲ့ရင် ဘယ်လောက်တောင် သ္ခိာကျလိုက်မလဲ။ ဂမူးရှူးတိုး ကောက်ရိုးပုံထဲကျတဲ့အပ်ကို ရှာသလို တရားခံကို ပိုက်စိပ်တိုက် ရှာဖွေပါတော့တယ်။
သူ ရွာဘက်ကို သွားလို့မရဘူး၊ ရွာသားတွေမှာ အန္တရာယ်ရှိတယ်။ ဒီခွေးကောင်တွေက မထင်ရင်မထင်သလို ယောကျာ်းမှန်သမျှ ရွာလည်မှာစုခိုင်းပြီး အစုလိုက်အပြုံလိုက် အတွဲလိုက်ဆွဲပစ်ဖို့ ဝန်မလေးဘူး။ ငါပြေးစရာကတော့ လယ်ကွင်းပဲရှိတယ်။ လယ်ပြင် မှာ ဆင်သွားသလိုထင်းနေပေမဲ့လည်း မတတ်နိုင်ဘူး။ ဒီလမ်းကို ရွေးရမှာပဲ။
“ဟော ... ဟိုမှာဟေ့ ... ဟေ့ကောင် မပြေးနဲ့ ရပ်စမ်း” ပြောပြောဆိုဆို ကျည်ဆံတွေ အတွဲလိုက်ပါပဲ တဖောင်းဖောင်းနဲ့ သူ့ဘေးမှာ ပွတ်ကာသီကာဖြတ်သွားကြတယ်။ သူကတော့ မရပ်မနားကွေ့ပတ်ပြေးလျက်၊ လယ်ကွင်းတွေကြားက မြောင်းသေး သေးလေးနား အရောက်မှာတော့ သူဆက်မပြေးတော့ ပြေးနေလို့ လည်းအပိုပဲ။ သူဆုံးဖြတ်ချက်ချပြီးတာနဲ့ မြောင်းလေးထဲဝပ်ချ လိုက်တယ်။ သူ့မှာပါလာတဲ့ ပ္စတိုလေးတလက်ကို ဆွဲထုတ် လိုက်ပြီး မတုန်မလှုပ်ခံပစ်နေတော့တယ်။ ဒါပေမယ့် တယောက်နဲ့ အများ ဝိုင်းပစ်ကြတဲ့အချိန်မှာတော့ ...။

ဒဏ်ရာတွေဗလပွနဲ့ မသေမရှင်ဖြစ်နေတဲ့သူ့ကို လည်ပင်းမှာကြိုးချည် ထော်လာဂျီနဲ့တရွတ်တိုက် မန်ဝိန်းစေမြို့လေးထဲကို ဆွဲခေါ်သွားကြတယ်။ ပြီးတော့ ရွာသူရွာသား မြို့သူမြို့သားတွေ အားလုံးမြင်သာအောင် “သူပုန်ဆို ဒီလိုဖြစ်သွားမယ် ကြည့် ထားကြ”လို့ နမူနာပြလိုက်ပါတယ်။ သေသွားတဲ့ အခါမှာလည်း ဈေးemးက ညောင်ပင်ကြီးမှာချိတ်ဆွဲထားပြီး မသင်္ဂြိုလ်ရဘူးလို့ အမိန့် ထုတ်ထားတဲ့အပြင် နှစ်ရက်သုံးရက်ကြာလို့ ပုပ်စော်နံနေတဲ့ အလောင်းကောင်ကြီးကို òမ့ငယ်လေး ywfဝန်းကျင်မှာရှိတဲ့ ရွာတွေက ရွာသူကြီးတွေခေါ်၊ ရွာသားတွေခေါ်ပြီး မင်းတို့ချစ်တဲ့သူပုန်တွေလေ အခုနမ်းကြစမ်းဆိုပြီး အတင်းနမ်းခိုင်းသေးသတဲ့။ ဘယ်လောက် စက်ဆုပ်စရာ အော့နှလုံးနာဖွယ်ရာ ကောင်းလိုက်တဲ့ လုပ်ရပ်ပါလဲ။ နောက်တော့ မြို့နယ်ဆရာဝန်က ကျန်းမာရေးအကြောင်းပြပြီး မသင့်တော်ကြောင်းပြောမှ မြေမြှုပ်သဂြိုလ်ခွင့် ရခဲ့ပါတယ်။

ဘယ်သူမှ ပန်းခွေမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကြားထဲ ကပဲ နံနက်တိုင်း နံနက်တိုင်း သူ့ရဲ့မြေပုံလေးပေါ်မှာ ဘယ်သူ ဘယ်ဝါရယ်လို့ အမည်တပ်မထားတဲ့ ပန်းလေးတွေကတော့ အမြဲရှိနေ တတ်ပါသတဲ့။
ရဲဘော်ကျဆုံးခဲ့တဲ့မြေမှာ ရဲဘော်အတွက် အချစ်ပန်းလေး တွေ နံနက်တိုင်း နံနက်တိုင်း ပွင့်လန်းနေကြတယ်ဆိုတာကိုများ ရဲဘော်သိခဲ့ရင်၊ ပြီးတော့ ... ဒီအဖြစ်အပျက်တွေကို သူရောက်နေတဲ့ နေရာကနေ ရဲဘော်ရဲ့ညီမလေး ခမ်းဆာတယောက် မြင်တွေ့ခွင့်များ ရရှိခဲ့ရင်၊ သူရဲ့အကိုတယောက်လို ရဲဘော်ကို သူအထင်တကြီးနဲ့ အားကိုးမိခဲ့တာတွေဟာ မမှားဘူးလို့ သူသိခွင့်များရခဲ့ရင်တော့ ... ရဲဘော်ရယ်။

နောက်တန်းစခန်း (ဗဟို)မှာတော့ ရဲမေတစု တောရိုင်းပန်း လေးတွေကိုယ်စီကိုင်ရင်း ဘုန်းကြီးကျောင်းကုန်း တက်သွားကြလေရဲ့။ သူတို့ချစ်တဲ့ရဲဘော်အတွက် တောရိုင်းပန်းလေးတွေကို ဘုရားမှာတင်ပြီး ဆုတောင်းအမျှဝေကြလိမ့်အုံးမယ် ရဲဘော်။
---------

ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာအချစ်ပန်း လေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေရာ အရပ်ရှစ်မျက် နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်း တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်óကတောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာ တော့ ခမ်းတောက်ဖူးဝါဝါလွေက အပြွတ်လိုက်အခိုင်လိုက် သင်္ကြန်အလွမ်းပြေ ပိတောက်ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံပိတ်ပေါင်းတွေကြားထဲမှာတော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်း ဝါဝါလေးတွေကလည်း ပုန်းလျိုး ကွယ်လျိုးနဲ့။

ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေ အတွက် လွမ်းသူ့ပန်းခွေ လှလှလေးတွေလုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေတင်ခဲ့ကြတာ၊ ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသားရဲဘော်ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါ်သုံးစွဲခဲ့ကြ တယ်လေ၊ ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။

တမာခင်

Read More...